Tuesday, July 16, 2013

ထူးမခြားနား..။

ထူးမခြားနား..။


ခွေးတစ်ကောင်တောင်  မဟောင်(ရဲ)တဲ့ ချောင်မှာ...
ငါတို့ လူဖြစ်လာတယ်  သူငယ်ချင်း.......


ဒီတော့ ...
ခွေး တောင် မဟောင်တဲ့ ချောင်မှာ,,,, သူခိုးကပ်
ငါတို့ ဥစ္စာ တွေ ပျက်ခဲ့ရတယ်...


ဒီတော့....
ခွေးတောင် မဟောင်တဲ့ ချောင်မှာ,,,,, တရားမဲ့
ငါတို့ ဥပဒေတွေ ပျက်ခဲ့ရတယ်.....



ဒီတော့....
ခွေးတောင် မဟောင်တဲ့ ချောင်မှာ,,,, လမ်းတွေ ဖောက်
ငါတို့ သူတောင်းစားတွေ သာ လျှောက်ခဲ့ရတယ်.....


ဒီတော့....
ခွေးတောင် မဟောင်တဲ့ ချောင်မှာ,,,, တစ္ဆေခြောက်
ငါတို့ အမြင်တွေ အချင်းချင်း မှောက်ခဲ့ရတယ်.....



ဒီတော့ကွာ.......
အကြောက်တရားတွေ  ကြီးစိုးခဲ့တဲ့ ,,,,ဒီချောင်......
အမှန်တရားတွေ  ပျောက်ရှားခဲ့တဲ့,,,,  ဒီချောင်......
ခံစားမှုတွေ မှောက်မှား ခဲ့တဲ့  ,,,, ဒီချောင်......(မှာ)
......
ခွေးတစ်ကောင်တောင် ဟောင်မရခဲ့တာ.....
ငါတို့က  ခုမှ ထ "ညောင်"  နေတော့ရော်.....
(ငါတို့သာ ကြောင် ဖြစ်တာက လွဲလို့ )
"ထူးမခြားနား"  ဒီချောင်က.....
ဘာများ...... ထူးခြားပြီး အသွင်သစ်ဆောင်နိုင်ဦးမှာ လဲ  သူငယ်ချင်းရယ်.....။






ကကြီး။ (၁၆.၇.၁၃)

Monday, July 15, 2013

ဆုတ်ယုတ်ခြင်း.....။

ဆုတ်ယုတ်ခြင်း.....။



ကလေး အရွယ်က 
မိုးလင်းရင်.....
"" နွားနို့ နဲ့ ထမင်းကြော် ""



လူပျိုပေါက် အရွယ်က
မိုးလင်းရင်.....
"" လဘက်ရည် နဲ့ အီကြာကွေး ""


အိမ်ထောင် ကျခါစက
မိုးလင်းရင်.....
""ထမင်းကြမ်းနဲ့ ပဲပြုတ် ""


အခု (အဖေဖြစ်ကာမှ )
မိုးလင်းရင်.....
"" သောကတွေနဲ့  ၅၀ိ/ တန် ကော်ဖီမစ် တစ်ထုပ် ""






ကကြီး။ (၁၆.၇.၁၃)

ဘုရားဖြစ်မယ့် အုတ်ခဲကျိုး ။

ဘုရားဖြစ်မယ့် အုတ်ခဲကျိူး ။



ဒီမှာ သူငယ်ချင်း ......
လူ့လောကဟာ "အပျက်တွေ ကြီးစိုးတဲ့သင်းချိုင်း ....""


ဒါကို ငါက သိထားတော့...
မင်းတို့ လိမ်သလို ငါလိုက် မလိမ်ဘူး...
မင်းတို့ ညာသလို ငါလိုက်မညာဘူး...
မင်းတို့ ခိုးသလိုငါလိုက်မခိုးဘူး...

အေး ဒီတော့.. 
ရိုးသားမှု ကိို အရောင်တင်တဲ့ ငါ...
လောကမှာ  ဆင်းရဲတာ  ""ဘာဆန်းမလဲ ""...။



ကကြီး..(16.7.2013)



။ 

Wednesday, July 10, 2013

လူနှင့် နွား။

လူနှင့် နွား။



တဏှာ၏ ဖျားယောင်းမှု့ ပင့်သက်ကို

ရှိုက်မိသော သန္ဓေသား ကို ""ဖျက်ဖျခြင်း "" သည်.......

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။



စီးပွားရေး မျက်နှာစာ ဖွင့် ၍

ကိုယ့် ""သမီး ပျို"" ကို

""ငွေ သုံးသိန်း "" နှင့် "" ကြေးဖွင့် ခြင်း "" သည်....

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။



မယား ""အို "" ၍ ""အပျို "" လိုကာ

သက်ကြားအို ၏ "" (၉) နှစ်သမီးလေး အား""

""အဓမ္မ ကျင့် ခြင်း "" သည်....

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။

ကိုးကွယ်ရာ အတုလ မရှိသော ဗုဒ္ဓဆင်းတုတော်ကို

ခြေဖြတ်လက်ဖြတ် ဦးခေါင်းတော်ဖြတ်၍...""ပြည်ပ ပို့ခြင်း"" သည်...

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။



သင်္ကန်းပေါ်မှ စီးကျလာသော

သံဃာတို့၏ ရဲရဲနီသော သွေးတို့ကို

နံပါတ်တုတ်နှင့် "" တူးဆွှခြင်း""သည်....

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။



လမ်းဆုံလမ်းခွ တွင်..အငှားယဉ် နောက်ခန်း ၌

မြင်သာ ထင်သာ ""မိတ်လိုက်ကြခြင်း"" သည်...

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။

ပြည်တွင်းစစ်တွင် အဓမ္မ စစ်ရေးဗျုဟာ သုံး၍
လေကြောင်း စစ်ဆင်ကာ ကောင်းကင်ယံမှ
အပြစ်မဲ့ ရွာတွေကို ""မှားယွင်းကာ ဗုံးကျဲချ"" မိခြင်းသည်....
ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။

လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီး၍
အပြစ်မဲ့ လူပေါင်းများစွာ၏ အသက်ကို ..""အာဏာရူး လုပ်ပိုင်ခွင့်ရူးကာ""
ခွေးသေ ၀က်သေ သေခိုင်းခြင်းသည်.....
ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။
..........

..........

ကျွန်တော်တို့ အား ""လူ "" ဟု ခေါ်သည်....။



ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်၍

ခွေးလို အူသောသူ....

လူ ဟု ခေါ်သည်...။

ဘီလူးခေါင်း ကို တွင်တွင်စောင်း

သူ့မယားအိမ် လာလို့ ကောင်းသူ

လူ ဟု ခေါ်သည်...။

အများပိုင် ပစ္စည်းကို နင်းကန် ခွစား..

""၀ိသမာ လောဘ"" သား ကို

လူ ဟု ခေါ် သည်.....။



""ကိုယ်ကျင့်သိက္ခာ ကို မြဲမြံစွာ ထား

သီလကို ဆွဲကိုင်....

စာနာမှု့ မယိုင် အောင် ထိမ်း...

တရားဒေသနာ တော် ကို စိတ်မှာဆွဲ...

အဲ့ဒီကောင် ""နွား"" ဘဲ.......""။ ။





ကကြီး။