Saturday, October 20, 2012

သက်ရောက် သီအိုရီ ။


သက်ရောက် သီအိုရီ..။                     


ခံစားမှုတွေကို ရင်ဘတ်ထဲ ထည့်ပြီး...
လောကပေါ် ဘာများရမလဲ လို့  ရှာဖွေရင်း ခရီးတစ်ခု ဆန့်မိတဲ့ အခါ.....
ဟိုနားမှာ..... မျက်ရည်တွေ...
ဒီနားမှာ... သောကတွေ....
...
ဒီဘက်မှာ... အလိုမပြည့်ခြင်းတွေ...
ဟိုဘက်မှာ.... အချေအတင် ဖြစ်ခြင်းတွေ..

မရေမရာမှု ဆိုတာ ရည်ရွယ်ရာ ပျောက် ခရီးအတွက်ပဲ.....
ေ၀၀ါးမှု ဆိုတာ မပီသခြင်း ကြောင့်ပဲ.........

အဆုံးကို မမြင်နိုင်မှုဟာ... အမှောင်ဖုံး ကာလ တစ်ခုကြောင့်ပဲ.....

ဒါပေမယ့် ...
ဘယ်အရာရာကို သုံးသပ်သည် ဖြစ်ပါစေ.......
အသွားရှိရင်  အပြန်ရှိတယ်....။
ကောင်းကင်ရှိရင်  မြေကြီးဆိုတာ ရှိတယ်....။
လမ်းရှိရင် ခရီးဆိုတာ ရှိတယ်....။



ဒီတော့ 
သွားနေတဲ့ ခရီးတစ်ခု မဆုံးခင်မှာပဲ .....
မေးခွန်းမှားတဲ့ အဖြေဟာ ....
သီအိုရီ ပုံပြယောင်မပါပဲ  ခပ်အေးအေးလေး စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်....

...
"အတ္တနဲ့ ချည်တဲ့ ကြိုးမှန်ရင် လွယ်လွယ် ပြတ်တတ်တာ သဘာဝ .."  တဲ့  လေ   ။                              ။




 ကကြီး။(20.10.2012)

Tuesday, October 16, 2012

ခဏလောက် နှစ် "" နှစ်ဆယ် ""

ခဏလောက် နှစ် "" နှစ်ဆယ် ""



အိမ်ကလေးရေ ,,,,,,,,,
ခဏလောက် တိတ်တိတ်ကလေး ဆက်နေပေးပါ..

လွန်ခဲ့သော  နှစ် "" နှစ်ဆယ် "" က  ဒီအိမ်ကလေး ထဲမှာ......
ငါ့သားလေးတွေ ကစားနေတဲ့ အသံကို ပြန်ကြားချင်လို့.........






ကကြီး။

Friday, October 5, 2012

တိမ်တွေလို..။


တိမ်တွေလို..။




ဟိုး....အဝေးက  တစ်ညနေမှာ,,,,,,,
ကျွန်တော်ဟာ.... တိမ်တွေကို  ထိုင်ငေးဖူးတယ်.......။

တိမ်တွေက  ပြာတယ်...။
တိမ်တွေက  ဖြူတယ်...။
တိမ်တွေက  ညိုတယ်..။
တိမ်တွေက  မှိုင်းမှုန်နေတယ်...။


တစ်နေ့ပြီး တစ်နေ့......
တစ်ရက်ပြီး တစ်ရက်...
ပြောင်းလဲခြင်းတွေ.....
မတည်မြဲခြင်းတွေ....
အကန့်အသတ်မရှိခြင်းတွေ...
ဒါဟာ... လူ့ဘ၀လား??????????
ဒါဟာ... လောကလား??????????

မကြာပါဘူး.....



ဟိုး...အဝေးက  တစ်ညနေမှာပဲ.....
ကျွန်တော်ဟာ  တိမ်တွေကို နားလည်နိုင်သွားတယ်......။
ငေးကြည့်နေနိုင်သွားတယ်...။
..........
ဘာဖြစ်လို့လဲဆိုတော့.....
မနက်ဖြန်တွေဟာ  ကျွန်တော့်အတွက်ဆိုရင်......
တိမ်တွေလို ,,,,,,,,,
ပြာလိုက်....
ဖြူလိုက်....
ညိုလိုက်...
မှိုင်းမှုန်လိုက်......။                       ။





 ကကြီး။

http://kagyi13.blogspot.com/
http://kyagee13.blog.com/.
http://kagyi.wordpress.com/
http://kyagee13.multiply.com/

Friday, September 28, 2012

ပြောရဦးမယ် (၂) ။


ပြောရဦးမယ်..(၂) ။



      ပြောရေးရှိက ပြောအပ်လှသည် ဆိုသော မြန်မာစကားပုံရှိသည့်အားလျော်စွာ  ပြောစရာကိစ္စက ရှိလာပြန်တော့ ပြောရဦးမယ် အပိုင်း(၂) ကို ရေးသားလိုက်ရပါတော့၏...။


         ဒီတစ်ခေါက် ဖောက်သည်ချ ပြောပြမယ့် အကြောင်းကတော့ ကိုယ့်တွေ့ပါပဲ...။ တခြားဟုတ်ရောလားဗျာ...။ မြန်မာနိုင်ငံ သား တိုင်းရင်နှီးထိတွေ့ဖူးနေကြသော ဟောဒီ့အောက်က ပုံပါတဲ့  M.A.I  (myanmar airways.)  မြန်မာနိုင်ငံပိုင်လေကြောင်းလိုင်း အ ကြောင်းပါပဲဗျာ...။


     



        ဖြစ်ပုံက ဒီလိုဗျ   ကကြီးတို့  ကိုယ့်နိုင်ငံမှာ  ကိုယ်သင်ထားတဲ့ ပညာနဲ့  လုံခြုံရေးအလုပ်တောင် မရတဲ့ အခါ စိတ်နာနာနဲ့ ထန်း
ခေါက်ဖာထဲ ရှိသမျှ အ၀တ်လေးထဲ့ ရောင်းချစရာရှိတာတွေ ရောင်းချပြီး  နီးစပ်ရာ သူငယ်ချင်းတွေ ရဲ့ အကူအညီတွေကို ယူပြီး ပြည်
တော် စွန့်ဖို့ စဉ်းစားကာ  တိုင်းတစ်ပါးမှာ ဖိနပ်တိုက်.... အိမ်သာဆေးဖို့ မြန်မာနိုင်ငံသား ပညာတတ်တစ်ယောက်အနေနဲ့ သိပ်မဝေး လှတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို ထွက် လာခဲ့ ပါတော့တယ်....

    အချိန်က ညနေ (၂) နာရီသာသာပေါ့ဗျာ  စိတ်ပူတတ်တဲ့ သူငယ်ချင်းရဲ့ လောဆော်မှုကြောင့်  ကကြီး တို့ကို နိုင်ငံခြားထွက်မယ်
ဆိုပြီး  အထင်တကြီးလိုက်ပို့ချင်တဲ့ တောကအမျိုးကလေးတစ်သိုက်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မှန်ပေါင်းချောင်ကြီး ...အဲလေ ဟုတ်ပါဘူး  လေဆိပ်ကြီးကို ကကြီးတို့ ခန့်ခန့်ထည်ထည် ပုံပျက်ပန်းပျက်ကြီးရောက်လာခဲ့ပါတယ်...။

   တကယ်ဆို လေယဉ်က ညနေ (၄း၃၀) မှ ထွက်မှာ ဖြစ်ပေမယ့် သူငယ်ချင်းရဲ့ ပရမ်းပတာ အမြဲဖြစ်တတ်တဲ့ ကကြီးရဲ့အကျင့်ကို
သိပြီး  စိတ်ပူတတ်မှုကြောင့်  လေဆိပ်ကို စောစောစီးစီး  ကကြီးတို့ ရောက်နေခဲ့ရခြင်းလည်း ဖြစ်ပါတယ်...။

      ရောက်တယ်ဆိုရင်ပဲ  နေရာတကာ လူတတ်ကြီးလုပ်ချင်တဲ့  ကကြီးရဲ့ထုံးစံအတိုင်း ရွာကပါလာတဲ့ အမျိုးကလေးတစ်သိုက်ကို
လက်ဆွဲပြီး..... လေဆိပ်(ပြည်ပဆိုက်ရောက်..) ခန်းမထဲက ကော်ဖီနဲ့ မုန့်ဆိုင်လေးဆီ ချီတက်လာခဲ့ပါတော့တယ်.....။ (တကယ်ဆို
ကိုယ်ကိုတိုင်လည်း ပါလာတဲ့ပိုက်ဆံလေးနဲ့ နန့်ချင်တာ ပါပါတယ်..)  ။

       မုန့်ဆိုင်ရောက်တော့ မမြင်ဖူး မတွေ့ဖူးတဲ့ အရာတွေ  စားစရာတွေကို တွေ့ပီးကလေးတွေဟာ  ဆိုင်ကောင်တာ ရှိုးဘောက်စ်
ထဲက  ရှိသမျှ မုန့်တွေကို လက်ညှိုးထိုးသူက အငမ်းမရ သားရေ  တမြားမြားနဲ့ထိုး..........  သုဝဏ္ဍဘူမိပြည် မှာ ဘီလူးကျသလို အတင်းပဲ  မုန့်တွေကို ၀င်ဆွဲတဲ့ ကလေးတွေကဆွဲနဲ့  ရန်ကုန် အပြည်ပြည်ဆိုင်ရာ (ပြည်ပဆိုက်ရောက် ခန်းမ..)ကြီးထဲမှာ အော်ဟစ် ဆူညံပြီး ပွက်လောရိုက်သွားခဲ့ပါတော့တယ်....။ ဒီလို ပွက်လောရိုက်မှုကြောင့် လေဆိပ်ထဲမှာ ရှိနေကြပြီးဖြစ်တဲ့ လူတွေဟာ  နီးရာအထုပ် ဆွဲပြီးပြေးသူပြေး..... လစ်ရာလစ်ရာ မြန်မာတို့ရဲ့မဖျောက်နိုင်တဲ့အကျင့်အတိုင်း ဆူဆူဆို အလစ်သုတ်လို့ရတာ မ  ပြီး ထွက်ပြေးကုန်ကြပါတယ်....။

   ရုတ်တရက် ထိမ်းမနိုင်သိမ်းမရ အခြေအနေ တစ်ခုဟာ ကိုယ့် ပရောဂကြောင့် ဖြစ် သွားတာမို့... ကကြီးလဲ အချိန်စောနေတာကို ဂရု
မပြုမိအားတော့ပဲ  ကိုယ့်ကို လေဆိပ်လုံခြုံရေးတွေရဲ့ ခေါ်ယူထိမ်းသိမ်းခြင်းက လွတ်အောင် .. ဘေးနားက ထန်းခေါက်ဖာကိုဆွဲ  ပါတ်စပို့ကိုဖြဲပြ ပြီး  (ပြည်ပထွက်ခွာ ခန်းမ ထဲကို ဂမူးရှုးထိုး ၀င်လိုက်ပါတော့တယ်...)  ဒီအချိန်မှာ   ကကြီး ထားခဲ့လို့ ကျန်ခဲ့တဲ့ ကလေးတွေဟာ မှန်ကာထားတဲ့ အပြင်ဘက်ကနေ ကကြီးကိုခြေစောင့်ပြီး အော်ဟစ်ခေါ်တဲ့သူကခေါ် ......   ကကြီးကိုစိတ်တို ပြီး ကာထားတဲ့ မှန်ကြီးကို  လျှာနဲ့ လျှက်တဲ့ သူတွေက လျှက်နဲ့ ကျန်ခဲ့ပါတော့တယ်..။


      ကကြီးလည်း လက်ရှိဒုက္ခက လွတ်အောင်သာ  ပြေးဝင်ခဲ့ရတယ် လက်ရှိမှာ ကိုယ်က တောကြိုးအုံကြား  ဇနပုဒ်က တက်လာတဲ့ ကောင်မို့  ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိပဲ  ခန်းမအလယ်မှာ စိတ်လှုပ်ရှားလွန်းလို့  နှပ်ချီးတွေထွက် ....သားရေတွေ တသွင်သွင်စီးကျပြီး ပုံပျက်ပန်းပျက် ဖြစ်နေပါတယ် ..။ ဒါကို ဘေးနားမှာရှိတဲ့ လူတစ်ယောက်က ရိပ်မိသွားပြီး လေဆိပ်ထဲအခြေအနေ
ဆိုးများ ဖြစ်မလာစေရန် ကကြီးကို ကောင်တာတစ်ခုရှေ့ဆီ  ဆွဲခေါ်ပြီး ပို့ပေးပါတော့တယ်..။  ဒီမှာတင်ပဲ   ကကြီးရဲ့ ပြောရဦးမယ် အပိုင်း(၂) ဟာရေးဖို့ စတင် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်ခင်ဗျာ ...။

       ကကြီး ရောက်သွားတဲ့ကောင်တာက  တခြားနေရာမဟုတ်ဘူးခင်ဗျ.....  ကကြီးတို့နိုင်ငံက  နိုင်ငံပိုင် အများတကာ (အဲးဖလိုက်)
တွေထက် လေယာဉ်လက်မှတ်ခ ပိုယူထားတဲ့  (M.A.I) လို့ ခေါ်တဲ့  မြန်မာလေကြောင်းလိုင်း လက်မှတ်ပြ ခုံနေရာပေးပြီး   ကိုယ့်အ ထုပ် ကို ပြစ်စလက်ခတ် နဲ့ အလိုအလျောက်စက်ပေါ် ပြစ်တင်တဲ့နေရာပါပဲ....။

     ကောင်တာရှေ့ ရောက်တယ် ဆိုရင်ပဲ......ဘာမမေးညာမမေးရသေးခင်   ကကြီးရဲ့ လက်ထဲက လေယာဉ်လက်မှတ်ကိုဆွဲယူပြီး
တဗျိဗျိနဲ့ ဆွဲစုတ်ပြီး ....

         ""  ဒါ ပထမဦးဆုံး အကြိမ်လား.....""  ""အရင်က  သွားဖူးလား..""

       ဒီလိုမေးခွန်းကို လေသံမာမာ မျက်နှာထားတင်တင်နဲ့ အမေးခံလိုက်ရတယ် ဆိုရင်ပဲ  နဂိုကမှ ကြောက်တဲ့စိတ်ကြောင့် သား ရေတွေ ကျနေရာကနေ ....  ဒူးနှစ်ချောင်းကပါ တဂတ်ဂတ် ရိုက်လာပါတော့တယ်.....။


        "" ဟုတ်..... ဟုတ် ပါတယ်..""

    ထိုအမျီုးသမီးက  ကကြီးကို တစ်ချက် အထင်သေးရှုတ်ချသလို မော့ကြည့်လိုက်ပြီး.....

    "" သြော် ဒါဆို ရှိုးမန်းနီး ပါသလား....""


      မြတ်စွာဗုဒ္ဓေါ အဲ့ဒါမှ ဒုက္ခ  ထိုအမျိုးသမီး မေးလိုက်မှ ပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စမ်းစစ်မိတော့ သည်   ဟုတ်ပါပေ၏...သူငယ်
ချင်းဖြစ်သူမှ သူကိုယ်တိုင် လာကြိုမည် ဖြစ်ပြီး  သွားရောက်မည် နိုင်ငံ လေဆိပ်တွင်လည်း  ရှိုးမန်းနီး ပြစရာမလိုကြောင်းပြော၍
နိုင်ငံခြားငွေနှင့် ပါတ်သတ်၍ ပြစရာ ဆို၍  ပုံလေးသော်မျှ ကကြီးတွင် မပါလာခဲ့ပေ......။   ပိုက်ဆံဆို၍ ရွာမှမထွက်ခင် ရွာဦး ဆရာတော်ကြီးကို သွားကန်တော့စဉ်က ဆရာတော်ကြီးပေးလိုက်သော အန္တရယ်ကင်း ပွဲပိုက်ဆံ မြန်မာငွေ (၅) ကျပ်တန် တစ်ရွက်သာ ပါလေသည်...။  
  ကကြီး ယခင်ကထင်ထားခဲ့သော ယခု ကကြီးရောက်ရှိနေရာ ကောင်တာမှ အမျိုးသမီးသည် အမ်အေအိုင် လေကြောင်းလိုင်း ယူနီဖောင်း ၀တ်ထားသော်လည်း (အင်မီဂရေးရှင်း) မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိကြီးမှန်း ကကြီး သူ့၏ မေးမြန်းချက်များကိုကြည့်၍သိလိုက်ရပါသည်....။ ထို့ကြောင့် တရိုတသေနှင့်ပင်...

          "" ဟိုလေ...... ဟိုဟာ...... ကျွန်တော်မှာ ရစ်တန်တိကတ် ပါတယ်လေ အမ... ဒါဆိုပြစရာ မလိုဘူးမှတ်လား..""

         ကြောက်ကြောက်ရွံရွံနှင့် ထိုအမျိုးသမီးကို ကွန်ပလိန်း တက် ကြည့်မိလိုက်သည်..... ကကြီး၏ ခိုင်မာသော အလီဘိုင် ပြန်လှန်
မေးချက်ကြောင့်  ထိုအမျိုးသမီးက  ....


  ""ကောင်းပီလေ   ....ဒါပေမယ့်  ကျွန်မ ဒီမှာ ရှင့်ကို ရေးပေးလိုက်မယ်...... ရှင် အဆင်ပြေအောင်လို့ ဟိုဘက်အင်မီဂရေးရှင်းက
မရစ်အောင်ပေါ့.. ""

   "ဟုတ်ကဲ့......ဟုတ်ကဲ့ ...ကျေးဇူးတင် လိုက်တာဗျာ......ကျေးဇူးကြီးပါပေတယ.်.."
   
   ဘာစာရွက်ပေါ် ဘာရေးပေးလိုက်မှန်း မသိပါ ကကြီး ထိုအမျိုးသမီးပေးသော  စာရွက်ပိုင်းများကို ကိုင်ကာ ထိုအမျိုးသမီး ညွှန်းပြရာ
သို့ တုန်တုန်ယင်ယင်နှင့် ဓါတ်လှေခါးမှတက် လာ ခဲ့လိုက်ပါတော့ သည်.....။  စိတ်တွင်းမှ လဲ  သြော်  ငါ့သူငယ်ချင်းတွေ ပြောတဲ့
""ငါတို့ အင်မီဂရေးရှင်း က သိပ်ဂဂျီ ကဂျောင်နဲ့ ရစ်တာကွ "" ဆိုသော စကားကိုကြားယောင်ရင်း  ခေါင်းလေး တဆတ်ဆတ် ငြိမ့်ကာ
တွေးရင်လျှောက်လာမိပါတော့သည်....။ သို့သော်  သိပ်မကြာပါ.....ကကြီး အပေါ်ထပ်အရောက်တွင်  လူများတန်းစီ၍ ဖြတ်သန်း သွား ရသောလျှောက်လမ်းလေးခုနှင့် လာသမျှ လူများ၏  ပါတ်စ်ပို့ကို  တံဆိပ်တုံးထုနေသည်ကို  တွေ့လိုက်ရပါသည်..။


         သို့ပေမယ့်  ထိုတံဆိပ်တုံးထု သောနေရာသည် ကကြီးနှင့် မည်သို့မျှ သက်ဆိုင်တော့မည်မထင်ပါ..... အဘယ့်ကြောင့်ဆိုသော်
ကကြီးသည် အောက်မှ အလွန်ရစ်သော အပေါက်ဆိုး သည့် အင်မီဂရေးရှင်း အမျိုးသမီးအရာရှိကြီးထံ အစစ်ဆေးခံခဲ့ ပြီးပြီး  မဟုတ် ပါလား....။

      ထို့ကြောင့် လူကိုခပ်တည်တည်  ဟန့်ကိုယ့်ဖို့ထားကာ ရင်ကိုကော့ ဖင်ကိုကောက် ပြီး တန်းစီနေသောလူများကို မာန်ပါပါ တိုးဝှေ့ပြီးအထဲသို့ ဂမူးရှူးထိုး တိုးဝင်လိုက်ပါ၏...။ ထိုကဲ့သို့  ကကြီး ရန်ကုန်မှ ဘတ်စကားများထဲတွင် စပါယ်ယာ ထိုးထဲ့ခံရသော ခရီးသည်လို ၀ရုန်းသုန်းကား တိုးဝင်လိုက်သည် ဆိုရင်ဘဲ......

  "" ဟေ့.....ဟေ့.... ဘယ်လိုလဲကွ....""   "ဘယ်လို ကောင်လဲကွ...."

 "" ဟာ... ဟေ့ကောင်  တန်းစီလေကွာ.....  ကြားမဖြတ်နဲ့ ဒါရုပ်ရှင်ရုံ  လက်မှတ်တန်းစီနေတာ မဟုတ်ဘူးကွ""

  ""ဘယ်ရပလွတ် ကလာ တဲ့ကောင်လဲ ကွ...""

     ဟုသော ထောပနာပြုသံ ..... ရန်လို အမုန်းပွားသံများ ထွက်လာပါတော့ ၏...။ ထို့ကြောင့် ကကြီး လဲ သူတို့အား သူတို့စွပ်ဆွဲသ
လို မဟုတ်ကြောင်းနှုတ်လှန် ထိုးလိုက်လေ၏..။


   "" ဘာလဲဗျ....... ဘာလဲဗျ....ကျုပ်က ခင်ဗျားတို့လို ပြဿနာ ရှိတဲ့ကောင်မဟုတ်ဘူး....ကျုပ် အောက်က အင်မီဂရေးရှင်းမှာ အစစ်ခံ
ခဲ့ပြီးပြီ.... ဘာတွေလဲ ခင်ဗျာတို့က ..... လူကိုများ  ရပလွတ်ကလာသလေး ဘာလေးနဲ့    ..... ဟွန်း..""



   ကကြီး၏ ရုတ်ချည်းပြန်ပက်လိုက်သော ချက်ကျလက်ကျ စကားကြောင့်  ထိုလူများ ရုတ်တရက် ဆွံအ ကုန်ကြ၏...။ ပြီးနောက် အချင်း ချင်း တီးတိုး   တီးတိုး  စကားဆိုလိုက်..... ကကြီးကို ကြည့်လိုက်  လုပ်ကြ၏...။ ကကြီးကတော့ သူမျာျးနှင့်ကိုယ်မတူ တမူလထူးခြားလျှင်  ဘုမသိ ဘမသိ ဇောင်းထတက်သော   မြန်မာ လူမျိုးတို့ လုပ်တတ်သော  ဟန်ပန် အမူအရာအတိုင်း.... မျက်နှာကို အနားတွင်ရှိနေသော လူအားလုံးနှင့် ကိုယ်နှင့် မတူသလို မတန်သလို မာထန်  တွန့်ခေါက် ထားလိုက်၏...။


       ထိုကဲ့သို့ ကကြီးနှင့် တန်းစီနေသောလူများ ရုန်းရင်ဆန်ခတ် ဖြစ်နေသော အဖြစ်အပျက်အား  ခုံတွင်ထိုင်နေသော ယူနီဖောင်း အဖြူရောင်ဝတ် ခန့်ခန့်ချေချော လူတစ်ဦးမှ မြင်တွေ့သွားပြီး .....


     "" ကဲ  ကဲ  ဟို အကိုကြီး ပြပါဦး..... အကို့ စာရွက်တွေ  အကို့က အောက်မှာ အစစ်ခံခဲ့ပြီးဆိုတော့  ဗီအိုင်ပီ ထင်တယ်.... ဒါဆို ဒီ
က အကိုတို့ ၀င်ရတာ မဟုတ်ဘူးဗျ..""

         "" အေးဗျာ.... ကျူပ်လဲ ခရီးက မသွားတာကြာတော့  သိပ်မသိတော့ ဘူးဗျာ""

    ထိုဝန်ထမ်း စကားအဆုံးတွင် ခပ်တည်တည် နှင့် မျက်နှာကို တည်တည်ထားကာ လှိမ့်ထဲ့လိုက်၏..။ သို့သော် ကကြီး၏ စာအုပ်နှင့်
လေယာဉ်လက်မှတ်ကို ထို ၀န်ထမ်း ယူကြည့်ပြီးနောက် ဟက်ဟက်ပက်ပက်ရယ်ကာ ....


     ""နေပါဦးဗျ  အကိုက အောက်မှာ အစစ်ခံခဲ့ ပြီးပြီးဆိုတော့ ဘယ်နားမှာ အစစ်ခံခဲ့တာလဲ ဗျ.""

     ""ဒီမှာလေဗျာ...  ဒီမှာ ကျွန်တော်ကို စစ်ခဲ့တဲ့ အမျီုးသမီးတောင်  ကျွန်တော့်မှာ ရှိုးမန်းနီးမပါလာလို့ ကျွန်တော့်ကို ဟိုဘက်အင်မီဂရေးရှင်းက မ ရစ်အောက် ထောက်ခံပေးလိုက်သေးတယ်...""


       ""ပြပါဦးဗျ... ဒီ ပြည်ပထွက်ခွာ လူဝင်မှုကြီးကြပ်ရေးဌာန မှာ ကျွန်တော် တာဝန်ထမ်းဆောင်နေတာ  ၁၃ နှစ်ရှိပြီ  ဒါမျိုးတစ်ခါမှ မကြားဖူးဘူး""



   ပြောလဲပြော ဆိုလဲဆို ကကြီးပေးသော စာရွက်ကို  ၄င်းမှ ယူကြည့်လေတော့၏။  ကြည့်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း  အားရပါးရကို အော်ဟစ်ကာ  အတောမသတ်နိုင်အောင်ရယ်မောလေတော့၏ ....။ ထို့ အပြင် သူတစ်ယောက်တည်း ရီရတာ အားမရနိုင်ပဲ  သူနှင့်အတူ တာဝန်ထမ်းဆောင်နေသောသူ များကိုပါ ပြကာ အားရပါးရ ရယ်ကြလေတော့၏...။


     ""  ဟား...ဟား...ဟား.....ဒါက လေယာဉ်လက်မှတ်ယူပြီး  ခုံနေရာသတ်မှတ် ပေးတဲ့ စာရွက်ဗျ .....ဒါက အကို အထုပ်ကို  ဟိုလေ
ဆိပ်ရောက်ရင် ထုတ်လို့ရအောင် ပေးထားတဲ့ လက်မှတ်ဗျ......ဟား  ဟား  ဟား.... ဟီးဟီးးး... နောက် အကိုတွေ့ခဲ့တာ ကျွန်တော်
တို့ အင်မီဂရေးရှင်းလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန က ၀န်ထမ်းမ ဟုတ်ဘူးဗျ.....  အမ်အေအိုင်... အခု အကို စီးမယ့် လေ ကြောင်းလိုင်းက လက်မှတ်နေရာချ  အထုပ်သိမ်း ၀န်ထမ်းဗျ....ဟစ်....ဟစ်...ဟ်  ရယ်ရတယ် ဗျာ..""

     ""နိုး....ဒါဆို  ကျွန်တော့်ကို ဘာကိစ္စ  ဟိုဟာပါလား .....  ဒီဟာ  ပါလား .....ဆိုပြီး အော်ငေါက်နေရတာလဲ ဗျ.... နောက် ကျွန်
တော်တို့ အင်မီဂရေးရှင်းက ရစ်တယ်ဆို....""


      "" ဘယ်ကလာဗျာ...... ဒါတွေက  အရင်ကပါ..... ခုဒီလိုတွေ မရှိတော့ပါဘူး.... ရှိလဲ လေဆိပ်မှာ ချက်ချင်း တိုင်လို့ရပါတယ်....
ချက်ချင်း အရေးယူဆောင်ရွက်ပေးပါတယ်.....""


       ...... ထိုစကားနှင့် ဖြေရှင်းချက်ကိုကြားမှပင် ကကြီး၏ အင်မီဂရေးရှင်း ၀န်ထမ်းနှင့် အမ်အေအိုင် လေယာဉ်ဝန်  ထမ်း လွဲမှား  မှုကို အရှက်ကြီးရှက်ကာ လေယာဉ်သို့သွားရာ တံတား ဂိတ်ပေါက်သို့ ၀င်ရာ လမ်းတွင် ခြေပြစ်လက်ပြစ် ထိုင်ချလိုက်မိပါ တော့သည် ...။ ပါးစပ်မှလဲ.....
   "" ငါ့နှယ်နော် မတွေ့ဘူး...မကြုံဘူးပါဘူး..... မေးရမယ့်လူတွေက မမေး  ..မမေးရမယ့်  လူတွေကမေး.... သြော်...အိုးကမပူ
စလောင်းကပူ  ဆိုတာ ဒါမျိုးပါလား  ကွယ်ရို့..... ဒီလိုပုံနဲ့ဆို  အမ်အေအိုင် ၀န်ထမ်းဆိုတာ   ကြည်မြင်တိုင် ညဈေးက လူနဲ့ မခြားပါလား ကွယ်.... ""....



( နောက်မကြာမှီလာမည့် ကကြီး ၏ ""ပြောရဦးမယ် အပိုင်းနှစ် က အမ်အေအိုင်"" ကို ရင်တဖိုဖိုနဲ့ စောင့်မျှော် ဖတ်ရှု့ပေးကြပါကုန်..။)


ကကြီး.။ (၂၉.၉.၂၀၁၂)


     
 


       "

Thursday, September 27, 2012

လူ...။


လူ.......။


             လူနှင့်တိရိစ္ဆာန် ပိုင်းခြားကန်သတ်ထားသော နယ်နိမိတ်စည်းသည်  အသိတရား ကွာဟမှုပင် ဖြစ်ပါသည်.။ တိရိစ္ဆာန်တစ် ကောင်  ၏ တွေးတော စဉ်းစားနိုင်မှု အသိတရားသည် ကိုယ်ပိုင် အတ္တကိစ္စများကို ကျော်လွန်၍ ပရဟိတ ဘက်သို့ပြောင်း  လဲနိုင်စွမ်း မရှိကြပေ၊မိမိတို့ အတွက်သာ စဉ်းစား၍ ရှင်သန်တတ်ကြပေသည်..။ လူဆိုသော အသိတရားနှင့် ဆင်ခြင်တုံ တရားရှိသော ကျွန်ုပ်တို့ တွင်တော့အရာရာ ကို တိရိစ္ဆာန်နှင့် ခြားနားစွာ လက်ခံကျင့်သုံးတတ်ကြလေသည်..။ ပရ နှင့် အတ္တ ကို မျှတစွာ ကျင့်သုံးနေ ထိုင် တတ်ကြလေသည်။
     
       လူသည် တိရိစ္ဆာန်ထက် မြင့်မားသော အသိရှိ သက်ရှိသတ္တ၀ါ တစ်မျီုးဖြစ်လေသည်..... သို့သော်  လူမှန်လျှင်ထိုကဲ့သို့စိတ်ထား နှင့် ရှင်သန်တတ်သော သဘော ပုံသေရှိသည် ဟုတော့ ကျွန်ုပ်တို့ တသမတ်တည်း မှတ်ယူထား၍ မရပါ....။အဘယ့်ကြောင့်ဆိုသော် တချီု့ တချို့ သော လူဆိုသော သတ္တ၀ါများသည်  လူတွင်ရှိသင့်သော၊ ကျင့်အပ်သော အတ္တ  နှင့် ပရ သဘောကို ဆန့်ကျင်တတ်၍ အဟိတ် တိရိစ္ဆာန် သာသာ မိမိ အတွက်ပဲ ကြည့်၍ ကျင့်သုံးနေထိုင် တတ်ကြခြင်းကြောင့် ဖြစ်ပါသည်..။ ထိုသူများသည် ပြင်ပ ဗဟိဒ္ဓိ သွင် ပြင်အရ သာ လူနှင့် တူနေသော်လည်း အမှန်စင်စစ်တော့  တိရီစ္ဆာန် သာသာ အသိရှိသော သက်ရှိသတ္တ၀ါများ ဖြစ်ပါသည်...။
       

      ထို့ကြောင့် ""လူမှန်လျှင် လူလိုသိပါ""  ""လူလို သိဖို့ရာ လွယ်သည်မထင်နှင့် "" ဆိုသော... စသည် အသိပေး ဆောင်ပုဒ် စကားများ ကျွန်ုပ်တို့အတွက် ပေါ်ပေါက် ဖြစ်ထွန်းလာခဲ့ ခြင်း ဖြစ်ပါမည်...။

        အမှန်ဆိုရသော် လောက ကမ္ဘာမြေပေါ်တွင် လူသား မိခင်နှင့် ဖခင်မှ မွေးဖွားလာသော သူတစ်ဦး ဖြစ်ပါလျှင် အခြေခံ အသိတရား
ပိုင်ဆိုင်ထားခဲ့သည် ဖြစ်၍   မိမိတို့၏  အသိညဏ်ကို တွေးတောချင့်ချိန် စွမ်းအားနှင့် ပေါင်းစပ်ကာ လူပီသရန် ကြိုးစားနေထိုင်သင့်
ကြပါသည်...။ လူသည် ခံစားမှု စွမ်းအားကို ပိုင်ဆိုင်ထား ခဲ့ပြီ ဖြစ်သည့်အလျောက် အရာရာအပေါ်တွင် ကိုယ်ချင်းစာစိတ်ထားကာ
ပရ နှင့် အတ္တကို ဒွန်တွဲကျင့်သုံး နေထိုင်သင့် ကြပါသည်..။ စာနာမှုထားသင့်ကြပါသည်..။

   ထိုသို့ ဆိုလျှင် လောကတွင် ယေဘုယျ ဖြစ်ပျက်နေသော လူမဆန် မှု များသည်လည်း အမှန်တကယ် ပပျောက်ကုန်ကြမှာ သေချာ
ပါသည်.... ။ လူမဆန်မှု ဆိုရာဝယ်..... သာဓက အဖြစ်အပျက်များနှင့် တင်ပြရေးသားရသော် လွန်ခဲ့သောနှစ်အပိုင်းအခြားက မလေး ရှားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ရွေမြန်မာ မင်းယောကျာင်္းကြီးတို့၏ မြန်မာ မိန်းမငယ်များ  (ထိုသူတို့ အဆို ကုလားပြည့်တန်ဆာ မ များ..။)ကို သွေးမတော် သားမစပ်ပဲ  ထိုမိန်းကလေးများ၏ အခန်းတွင်း ၀င်ရောက်၍ ရိုက်နှက်ကြခြင်းကို  ပြလိုပါသည်...။

   အမှန်တကယ် ထိုအဖြစ်အပျက်သည် လွန်စွာ အရုပ်ဆိုး အကျည်းတန် လှပါပေသည်...။ လူ ဆို၍  ခေါ်ထိုက်သူတို့ ၏ လုပ်ရပ်မျိုးပြု
လုပ်သည်ဟု လားလားမျှ မဆိုထိုက်သော သဘောရှိပါသည်...။ လူသားချင်း ဖြစ်နေရုံမျှ မက ပဲ..... ၄င်းတို့ ရိုက်နှက်ခြင်းကို ခံရသော
သူများသည် အားနွဲ့သော မိန်းမသား များဖြစ်နေကြပါသည်...။  ထိုကဲ့သို့ပဲ ရပ်ဝေးမြေခြားတွင် အနေဆင်းရဲစွာ အတူတကွ ရပ်တည်
နေထိုင်နေကြသော တစ်မြေထဲဖွား တစ်နိုင်ငံထဲ သားချင်းတွေ ဖြစ်ကြပါသည်..။

          လူမှန်လျှင် လူသားတစ်ဦး၏ အသိစိတ်ဓါတ်ရှိသော သူများသာ မှန်လျှင်  ထိုနေရာတွင် သူ့ဘက်ကိုယ့်ဘက် မျှတစွာ စဉ်းစား၍
တွေးတောဆုံးဖြတ်ကာ  ကိုယ့်နိုင်ငံသူ များကို (အကျင့်ပျက်နေလင့် ကစာ )  ညှာတာပဲပြင်ဆုံးမ စောင့်ရှောက်ကြရမည် ဖြစ်ပါသည်..။

စကားချပ်။
    (ထို ဇတ်လမ်းအား မသိလိုက်ရ၍ အကျယ် သိလိုသော်... ရှာဖွေ ကြည့်ရှု့ကြပါကုန်..။)


   ယင်းကဲ့သို့ပဲ   သမီးက အမေကို ပြန်ဆဲခြင်း...၊ အဖေကိုသားက မထေမဲ့မြင်လုပ်ခြင်း...၊ သက္ကင်္န်းဝတ်  ဘုန်းတော်ကြီးကို အရိုအသေတန်စွာ... ရိုက်နှက်ကြခြင်း...၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရုပ်ပွားတော်ကို  ဗိုက်ဖောက်ကြခြင်း....မှစသော ကြီးမားသည့် လူမဆန် မှု  ...လူမပီသမှု များမှသည်...  ယုတ်စွအဆုံး  ဘာမဟုတ်သည့်  ဘာမျှမရသည့်  အင်တာနက်ထဲတွင် နာမည်ဝှက်ပုန်း (ကလုန်း)များ သုံး၍ တစ်ဖက်သား ထိခိုက်နစ်နာအောင် တိုက်ခိုက်ကြခြင်းတို့သည် လွန်စွာ ရှက်ဖို့ ကောင်းကြလေပြီ...။  လူမှန်လျှင်  ရပ်တန့်သင့်ကြလေပြီ...။ လူမှန်လျှင် လူဆန် သင့် ကြလေပြီ...။


            အဟိတ်တိရိစ္ဆာန်ထက် သာသော အသိရှိသော လူတို့ သည်  လူမှန်လျှင် လူလို့ ကျင့်ကြသင့်ပါသည်....။

""လောကတွင် အတ္တ မှရရှိလာသော ပီတိ ထက် ပရဆိုသော အများကောင်းကျိုးပြုလုပ်ဆောင်ရွက်ပေးခြင်းမှ ရရှိလာသော ပီတိ သည်
လွန်စွာ တန်ဖိုးရှိ ပါသည်..။""


 ထို့ကြောင့် တိရိစ္ဆာန် ထက်သာသော လူမှန်သည် ဟု ကိုယ့်ကိုကိုယ် ခံယူပါလျှင်..... ခံယူချင်ကြပါလျှင်..... မိမိတို့၏ လုပ်ရပ်နှင့်အသိ
စိတ်များ ကို ပင်ကို ရှိနေသော လူတစ်ဦး၏ အသိဆင်ခြင်တုံတရား များနှင့် ထိမ်းသိမ်းကြပါဟု ဤ ဆောင်းပါးလေးနှင့် တိုက်တွန်းနှိုး
ဆော်လိုက်ပါသည်...။





ကကြီး။
(၂၈.၉.၂၀၁၂)

Wednesday, September 5, 2012

ကဗျာ (၄) ပုဒ်..။


လမ်း..။

ဝင်သက် နဲ့  ထွက်သက် ရဲ့ ""ပိုင်းခြားမှု့"" မှာ
ရှင်သန်ခြင်းနဲ့ ""ဒွန်တွဲ"" တဲ့.......
""သာမာန် လူတစ်ယောက် "" ဘ၀က
ငိုသံ တွေ ရှိမယ်.........
အငိုမဆုံးတဲ့  ""မျက်ရည် "" တွေလည်း  ရှိမယ်......
သာယာစွာ  သီဆိုတဲ့ 
""တေးကျုးရင့်သံ "" တွေလည်း  ရှိမယ်.......
ဒါပေမယ့်.....။
""မရဏမင်း "" ရဲ့  "" လက်ယပ် ခေါ်ဆိုမှု့ "" မပါရင်ပေါ့.....။                           ။


                                                                         ကကြီး။
                                               kyagee13@gmail.com (18.5.11)


မူပိုင် အငှား။

နေ့ကို ဆခွဲ လို့   ညကို ကဗ္ဗည်းထိုး
ခံစားရာတို့  သွားတဲ့  ဘ၀တစ်လျှောက်
ညတွေလဲ  နောက်နေပြီ.........
နေ့တွေလဲ ပျောက်နေပြီ......
အချိန်နဲ့ လူရဲ့ ခရီး
ပေးစပ်မှု့ အတိနဲ့ ပဲ ပြီးနေတယ်.........။

ကောင်းကင်ထက်က ""ဆိုင်းကြိုး ""
သာမာန် လူတွေနဲ့ မတူတဲ့  ""ဆွဲချက် "" တွေနဲ့
(ငါ့ကို..) လူ့ဇတ်ခုံ ပေါ်မှာ  ကပြ
ဇတ်ပျောက်နေတဲ့  ည  လား........
အမှားတွေ  အောက် ရောက်နေတဲ့  ""ဘ၀"" လား.......
""ယူရေနီယံ "" တွေထက် ပြင်းတဲ့  ""အတ္တ"".....
သူမတူတဲ့   ""မာန"" တွေ နဲ့
ကဗျာတွေ နဲ့  မီးထိုး
မျက်ရည် ခိုးတွေ  ရေလို လျှံ.........
(ငါ့..)ခန္ဓာပေါ်မှာ  ဘ၀အမှန် မရှိဘူး...။                           ။




                                                           ကကြီး။
                                           kyagee13@gmail.com (29.5.11)




မိခင်။

ဝမ်းကြာတိုက်။
မျက်စောင်း သုံးခါ ။
သောက်စေ သွေးတို့ ။
ယုယ ပိုက်ထွေး ။
ညွှန်ပေး လမ်းလှ ။
အခါခါ ခွင့်လွှတ် ။
ပေးစပ် တစ်ပါး ရင် ။
ပို့သ မေတ္တာ ။
လည်ပြန် ထားရစ် ။
"" မေမေ..."" ။               ။


                                                  ကကြီး။









မျောပါခြင်း(သို့)မျောကြခြင်း။

""နာရီ""  ရာသီတွေ စီ နေတယ်.......
""ကမ္ဘာ"" ဘာသာတွေ မြည်နေတယ်......
""ဆိုလိုချက်""  အပိုတွေ ထွက်နေတယ်......။

လူဆိုတဲ့  ""ပြဌာန်းချက်""  လူတို့ ရှောင်ကြရဲ့......
နွေနဲ့ မိုးဆောင်း အခါခါ  ပြောင်းရဲ့..........
(နာရီ.....""အပိုတွေ"" ထွက်နေတယ်......,,,ပြဌာန်းချက်...""ကပြောင်းကပြန်""..။)
သက်ဝင်      ရှိုက်ထွက်
ရှုဖို့ ခက်တဲ့   လူတို့ဘာဝ
မျိုးစိတ်ဗေဒ  မမျှ နရီ
ပန်းကြွေတော သို့    မျောကြရော................။                    ။


                                                 ကကြီး။
                                kyagee13@gmail.com  (27.5.11)




သက်ရှိ တစ္ဆေ။


သက်ရှိ တစ္ဆေ။

တိမ် ပန်းချီ တွေ ငို တဲ့ ခဏ
ထင်ရာတွေ ပြိုတဲ့ ဘ၀ မှာ
ဘ၀ လိုရာ တွေက စေ့စား
အဓိပ္ပါယ်မဲ့ တဲ့  အချိန်များ က
ဘာသာ မပါသော နာရီ....
ဓမ္မ ပျက် ရာသီ......
ငိုကြွေး သံတွေ ဆီ ဦးတည်.....
အရာရာဟာ  မပီပြင် မှုန်ဝါး
ရင်မှတရားတို့  ဝေး ရော့ ထင်...။                        ။


                                                ကကြီး။   kyagee13@gmail.com (25.5.11)

ကျေးဇူးပြုသူနှင့် အပြုခံရသူ။


ကျေးဇူးပြုသူနှင့် အပြုခံရသူ။


             လူ့ ဘ၀ လူ့လောကတွင် ရပ်တည်ရှင်သန်နေကြသော လူဆိုသော လူများသည်  ရှုပ်ထွေးပွေလီလှသည့် လူ့လောက၏
ထုံးစံအတိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင်  အတည်မြဲ ခြင်း မရှိသော  ဖြစ်ရပ်/ဖြစ်စဉ်  များနှင့် မတွေ့ဖူးခဲ့ သော လူဟူ၍ မရှိနိုင်ပေ.........။
              အဘယ့်ကြောင့်ဆိုသော်   မိမိတို့ ရှင်သန် ရပ်တည်နေရသော လောက(၃) ပါး ဟူသော ဝေါဟာရ လောက သည် အစဉ်သဖြင့်ဖောက်ပြန် ပျက်စီးနေ၍ သာ ဖြစ်ပါသည်....။
            ဘ၀ပုံစံ အမျိုးမျိုးနှင့် ရပ်တည်နေရသော လူတိုင်းတွင်  ဒုက္ခနှင့် သုခ သည် အမြဲရှိနေနိုင် ပါသည်......။ ထို့အတူ  မရှိခြင်း ရှိခြင်းသည်လည်း ဒွန်တွဲ၍ လူတိုင်း ၏ ထံပါးတွင် ရှိနေပါသည်.....။ ရှိခြင်းဟူသော ဝေါဟာရကို မိမိတို့ ပိုင်ဆိုင်နေရချိန်တွင် အရာ အတော်များများ ကို ဖန်တီးနေနိုင်သဖြင့်  ဒုက္ခဆိုတာကို မတွေ့မထိရပေမယ့်.....မရှိဆိုသော ဝေါဟာရကို ပိုင်ဆိုင်လာရချိန်တွင်...
ဒုက္ခဆိုသော ခံစားမှု့ကို မလိုချင်လဲ လက်ခံ...လိုချင်လဲ မူသေကို လက်ခံရပါမည်...။
          ထိုအခါ မရှိခြင်း၏ နောက်ဆက်တွဲ ဒုက္ခများ၏ သောက အကြီး...အသေး အလိုက် အခက်အခဲ ဟူသည် တွေ့ရတတ်ပါသည်...။
ထိုကဲ့သို့ အချိန်များတွင် မိမိ၏ ဒုက္ခကို မိမိ တစ်ဦးတည်း ဖြေရှင်းရန် မဖြစ်နိုင်တော့ သော  အခါမျိုးတွင်.....မိမိ ကို ကူညီမည့် သူအား
ရှာရပါတော့ သည်.....။  
           ကူညီမည့် သူသည်  မိမိ မောင်ဘွား၊ ဆွေးမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း ထဲမှ ဖြစ်စေ.....တစ်စိမ်း တစ်ယောက်ဆီမှ ဖြစ်စေ...မိမိမှ မိမိ ရင်ဆိုင်ဖြေရှင်းနေရသော ဒုက္ခအတွက် အကူအညီ တောင်းမိ၍  ထို တစ်စုံတစ်ယောက်မှ စာနာထောက်ထားကာ
မိမိအား အကူအညီ ပေးခဲ့လျှင်......
           ထိုသူသည်...ကျေးဇူးရှင် မည်ပါသည်....။
မိမိ သည် ""ကျေးဇူး အပြုခံရသူ"" ဖြစ်၍...မိမိ အား စာနာထောက်ထား၍ ကူညီသော သူသည် ""ကျေးဇူးပြုသူ"".. ဖြစ်ပါသည်။
အခက်အခဲ တစ်ခု ဖြေရှင်း ရာမှ ဖြစ်ပေါ်လာသော ...ကျေးဇူးအပြု ခံရသူနှင့်   ကျေးဇူးပြုသူ....ဟူ၍ အသတ်မှတ်ခံရသူ နှစ်ဦးတွင်
မိမိတို့ နှစ်ဦး နှစ်ဖက် သဘောတူညီစွာ....ကူညီခဲ့၊ ကူညီခံခဲ့ သော်လည်း    ပြုခဲ့ဖူးသော အထက်ပါ ဖြစ်ရပ် အတွက် နှစ်ဦး နှစ်ဖက်လုံး
တွင် စောင့်ထိမ်းရမည့်  တာဝန်ရှိပါသည်...။
ဆိုလိုချင်သည်မှာ...။
ခပ်တိုတို ပြောပြရလျှင်......ကျေးဇူးအပြုခံရသောသူသည် မိမိအား ကူညီကျေးဇူး ပြုသူအား ပြန်လည်၍ ကျေးဇူးမဆပ်နိုင်လျှင်ရှိပါစေ....
စကားနှင့် ဖြစ်စေ.....လုပ်ရပ်နှင့် ဖြစ် တစ်စုံတစ်ရာသော ထိခိုက်မှု့ မျိုးဖြင့် ပြန်လည် မစော်ကားမိဖို့ အရေးကြီးပါသည်....
သတိထား၍ စောင့်ထိမ်းရပါမည်...။
                   ထို့အတူ....ကျေးဇူးပြုသူ ဘက်မှလည်း  စောင့်ထိမ်းသင့်သော စိတ်ထားနှင့်လုပ်ရပ်မှာ...မိမိ ကျေးဇူးပြုခံထားရသူ
အပေါ်တွင်.....မိမိ ပြုခဲ့ဖူးသော ကျေးဇူးတရားနှင့် ဖိကာ စကားနှင့် ဖြစ်စေ....လုပ်ရပ်နှင့် ဖြစ်စေ....အနိုင်မကျင့်မိရန် ဖြစ်ပါသည်..။
             လောကတွင် ကျေးဇူးတရား ဟူသည် တန်ဖိုးထားတတ်လျှင် လွန်စွာ အကျိုးသက်ရောက်မှု့ကို ပေးနိုင်၍...  အသုံးမချတတ်လျှင် မူ များစွာသော ဆိုးကျိုးများကို ပေးနိုင်သည်ကို.....အထူးဂရုပြုမိကြနိုင်စေရန်....ရည်သန်၍ စာဖတ်ပရိတ်သတ်များ
အတွက်..ရေးသားလိုက်ရပါအံ့......။                                    



                                                                                              ကကြီး။kyagee13@gmail.com(31.5.11)
%%%(ဤ မလှမပ ဆောင်းပါးလေးနှင့် ကကြီး၏ အွန်းလိုင်းအပေါ်မှ ခင်မင်ရင်းနှီးခဲ့သော ကျေးဇူးပြုသူ ကျေးဇူးရှင်များ အား
ဂါရ၀ ပြု အပ်ပါသည်..။)

ချန်ခဲ့သော(သို့) ကျန်ခဲ့သော။


ချန်ခဲ့သော(သို့) ကျန်ခဲ့သော။

          ဘာနဲ့မှ နှိုင်းယှဉ်စရာ မလိုတော့တဲ့  ""လောက"" ကို နေမသာ အလင်းမစုတ်တဲ့  အချိန်မှာ.....အသာအယာ ဘ၀ကန့်လန့်ကာ  ဖယ်ပြီး  ကြည့်လိုက်မိတော့ ........
         ထစ်ချုန်းသံ     သရုပ်တွေနဲ့ မိုးရိပ်တွေ ဆင်လာတဲ့ ထက်ဝန်းယံ ကောင်းကင်ထက်မှာ.....မိုးဦးစ နိမိတ်တွေက  ဟိုဟိုဒီဒီ........

                      သက္ကရဇ်တွေကတော့  ပုံမှန်မကျတော့တဲ့  သဘာဝဓမ္မ နဲ့ အတူ  ကမ္ဘာပေါ်မှာ လည်ပတ်မှု့တွေကို  ယူလေတိုင်း.....
ကျန်ရစ်နေမြဲ  ဖြစ်တဲ့  ရာသီဥတု အဟောင်း၊ နေ့ရက်ဟောင်း၊ အချိန်ဟောင်းတွေက.......လွမ်းတသသ  ဖြစ်ဖွယ်ကောင်းနေ သယောင်ယောင်...........ဒါမှမဟုတ်  အော့နှလုံးနာ စက်စုတ်စရာ ဖြစ်နေ သယောင်ယောင် ပါဘဲ...။
             မထားချင်ဘဲ ထားခဲ့ရတဲ့  ဖြစ်ရပ်တွေ.......ထားခဲ့ချင်လျှက်နဲ့  ယခုအထိ ပါလာတဲ့  ဘ၀ဒဏ်ရာ ဒဏ်ချက်တွေ ကို...
တစ်ခါတစ်ခါမှာ  သတိရမိသလို  ရှိမိတော့........
        ဟို  အရင်လို  အလိုမကျမှု့တွေ နည်းနည်း နဲ့....""ယောနိသော မနသီကာရ"" တရားစကားလုံး  ပုံဆောင်ပြ ခံစားမှု့တွေကရင်ထဲမှာ ဘောင်ဘင် ခတ်လာတယ်......။
          မကြာလိုက်ပါဘူး......အကြားအလပ် မရှိအောင် ဖြစ်ခြင်း....ပျက်ခြင်း တွေ စီရင်တတ်တဲ့  ဟောဒီ့...ငါတို့ လူဖြစ်ခွင့်""သင်္ခါရ""လောကကြီး မှာ....တကယ်ကို  ဘာမှ ကြာကြာ မရှိပါဘူး......။
      အရာရာ တည်မြဲခွင့်  ရေရှည် မရှိတဲ့  အချိန်တွေသာ ကမ္ဘာနဲ့ လောကမှာ...အရာအားလုံးကို ချုပ်ကိုင် စိုးမိုးချယ်လှယ်   ကျန်နေခဲ့တာပါ..။    တကယ်ဆိုရင်  ငါတို့တွေ တစ်ယောက်ပခုံးကို တစ်ယောက်...ထွေးပွေ့သင့်ပြီ.....              ဟန်ဆောင်မှု့ စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့   စကားလုံးတွေကို......စကားဝိုင်းတွေ...မျက်နှာချင်းဆိုင်  ဆွေးနွေးမှု့တွေကနေ    ဖယ်ထုတ်သင့်ကြပါပြီ....။
         အားငယ်မှု့တွေကို နှစ်သိမ့်မှု့တွေ နဲ့  အစားထိုးလို့ ဝေမျှမှု့တွေ ကို  ကိုင်စွဲပြီး  ကမ္ဘာမြေကြီးရဲ့  အတွင်းကျကျက မိသားစုတွေရဲ့  မပြည့်စုံတဲ့ လိုအပ်ချက်လေးတွေကို... ၀ိုင်းဖြည့်ဆည်းသင့် ကြပါပြီ.....။
          သို့ပေမယ့်.....ငါတို့ လက်ရှိရင်နှီး ထိတွေ့ နေကြတဲ့...ငါတို့ ခံယူချက်တွေကတော့....စာနာမှု့၊ကူညီ ရိုင်းပင်းမှု့ ဆိုသော...အခေါ်အဝေါ်များနှင့် ဆန့်ကျင်စွာ......""ငါ"" ဆိုသာ နာမ နောက်ဆက်တွဲ များနှင့်  သာဘဲ ဖြစ်ပါ သည်....။
            သို့ဆိုလျှင်....သမိုင်းကို လူတို့ ဖန်တီး သည် ဟူသော စကားရပ်ကို ရင်းနှီးထိတွေ့ နေရသော ငါတို့တွေ သည်.....
မည်သို့သော  သမိုင်းမျိုးအား  လောကတွင်  ငါတို့  ချန်ခဲ့နိုင်မည်နည်း.......? ကျန်ခဲ့နိုင်မည်နည်း..........? ။
               အတ္တများနှင့်  ယှဉ်တွဲသော သမိုင်းများ လား....?..။
               (သို့ မဟုတ်.....).............................................?..။



                                                                                         ကကြီး။
                                                                    kyagee13@gmail.com (1.6.2011)

အသတ်(၆) ပါး၊ကရိယာ(၆၀)နှင့် ကကြီးသိသလောက်...။


အသတ်(၆) ပါး၊ကရိယာ(၆၀)နှင့် ကကြီးသိသလောက်...။

ကကြီး သိသလောက်ပါ...။
    ကျွန်တော် တို့တတွေ ခု အွန်းလိုင်းမှာ စာတွေ ရေးနေကြတယ်.....။ဘလော့ဂါ တွေ လုပ်နေကြတယ်....။အရမ်းကို လွယ်ကူစွာနဲ့
စာရေးဆရာ၊ကဗျာဆရာတွေ..ဖြစ်နေကြတာပါပဲ....အားလဲအားရစရာ အလွန်ကောင်းတဲ့...အနေအထား တွေပါပဲ.....။
                ဒါပေမယ့်...လွဲမှားတဲ့ အယူအဆ လေးတွေ ကိုတော့  တွေ့နေရတာ  သိပ်မကောင်းလှပေဘူး.....။
အဲ့ဒီ့ လွဲမှားမှု့ လေးတွေက  ဘာတွေလဲ ဆိုတော့........ကဗျာ အပေါ်မှာ ပါပဲ......တချို့ ယူဆထားပုံဆို အတော်လေး ဆိုးပါတယ်....။
ရှေ့က ကဗျာ ရေးသားနည်း ဆိုင်ရာ တွေကို  ပယ်ချ ကြတယ်...ပယ်ချ ချင်နေကြတယ်....သိပ်  သဘော မတွေ့ ကြ ဘူး..။
ဒါဟာ မကောင်းတဲ့ အချက်တစ်ခု လို ကျွန်တော် ထင်ပါတယ်.....ဘာလို့လဲ ဆိုရင်....ကျွန်တော် တို နိုင်ငံရဲ့ စာပေ လမ်းကြောင်းဟာ
အများတကာ နိုင်ငံ တွေ နဲ့  မတူတဲ့ အခက်အခဲတွေ ကိုကျော်ဖြတ်ခဲ့ ရတာပါ.....။
   ခက်ခဲ့တဲ့ လမ်းကို ဖောက်ခဲ့ရတာပါ...။ အင်္ဂလိပ် ခေတ်မှာ ပျက်စီးခဲ့တဲ့ ကျွန်တော်တို့  စာပေဟာ...သိပ်မကြာသေးခင်.. ဆယ်စုနှစ်(၅)ခုလောက်ကမှ  ဆရာ ကြီး မင်းသုဝဏ်တို့ ဆရာကြီး ဇော်ဂျီ တို့ နောက်အစ ရှိသော စာပေပညာရှင်များက အပြင်းအထန် ကြိုးစားပြီး  လမ်းတစ်ခု ကို မနည်း ပြန်ဖောက်ခဲ့ရတာပါ....ဒါတောင် အတော်များများသော  တိုင်းတစ်ပါး အခေါ်အဝေါ် တွေ ကျွန်တော်တို့စာပေ မှာ ကျန်နေပါသေးတယ်.....    .ဥပမာ...ပလက်ဖောင်း ဆိုတဲ့ စကားမျိုးပေါ့...နောက် အများကြီး ရှိပါသေးတယ်...။
စာရှည်မှာ ဆိုး၍ အခေါ်အဝေါ်များကို အကျယ်မချဲ့ တော့ ပါ..။
                ခု ကျွန်တော် အွန်းလိုင်း မီဒီယာ မှာ တွေ့နေရတဲ့ စာရေးစ လူငယ် တချို့ဟာ...လွဲမှားသော အယူအဆနဲ့ ကဗျာ ကိုရေးနေကြပါ တယ်....ရေးနေတဲ့ စိတ်ဓါတ်လေးတွေကိုတော့ ကကြီး အလွန်လေးစားမိပါတယ်....။ သို့ပေမယ့်..လမ်းဟောင်းကိုကျဉ်တာတော့ မကောင်းဘူးလို့ တော့ ကကြီး ထင်ပါတယ်....။ဆိုလိုချင်တာကို ပြောပါမယ်...
ယခု မြန်မာနိုင်ငံ စာပေလောက မှာ ပို့စ်မော်ဒန် စာရေးဆရာများလို့ နာမည် ကြီးနေတဲ့ ဆရာ သစ္စာနီ...ဆ၇ာ ဇော်ဇော်အောင်...
ဆရာ တာ၇ာမင်းဝေ  အစရှိသဖြင့် စာရေးဆရာ ...ကဗျာဆရာ ကြီးများဟာ...မြန်မာခေတ်ဟောင်း စာပေနဲ့ အရေးအသားတွေကို
ပြစ်ပယ်ပြီး သူတို့ သဘောနဲ့ သူတို့ေ၇းချင်ရာရေးနေကြတာ မဟုတ်ပါဘူး....သူတို့ အားလုံးဟာ မြန်မာစာပေရဲ့ အရင်းအမြစ်တွေ သင်ရိုးညွှန်းတန်း တွေ အားလုံးကို  ထုံးလိုချေ ရေလိုနှောက်ခဲ့ပြီးတဲ့ လူတွေပါပဲ..။ ဒီလို သိပြီးမှ..မကြာသေးသော ကာလက စလို့
မော်ဒန်စာပေကို  တီထွင် ရေးသားခဲ့ကြတာပါ....မော်ဒန်ဆိုလို့...သိသလောက်လေး ပြောပြရရင် မော်ဒန်စာပေ မြန်မာမြေပေါ်ကိုရောက်ခဲ့တာ  တိုင်းတပါးစာပေ ကလာခဲ့တာပါ...သူတို့ နိုင်ငံမှာလဲ...ရှေ့အယူအဆနဲ့ အရေးအသားကို အခြေခံပြီးမှ
လမ်းသစ်စာပေ ဆိုတဲ့ ဒီစာပေ ကို စတင်ရေးသားကြတာပါ...အဲ့ဒီ စာပေ အခေါ်အဝေါ် ကတော့(letter free) လို့ ခေါ်တဲ့
စာပေလိုင်းပါပဲ...ဒါကို ကြည့်ပြီးမှ မော်ဒန် စာပေတီထွင်ခဲ့ တဲ့ ပညာရှင် စာရေးဆရာ ကြီးများဟာ မူကို မဖျောက်ဘဲ...ဟန်ကိုဖျောက်ပြီး
ပိုစ့်မော်ဒန်ဆိုတဲ့စာပေလိုင်းမြန်မာ စာပေလောကမှာ အသစ်အဆန်းတီထွင်တဲ့ အနေနဲ့ ရေးသားကြတာပါ...
  ဒါပေမယ့် မှတ်ထားရမှာက  မော်ဒန် စာပေ ကဗျာတွေမှာလဲ  ရှေးက လမ်းစဉ်တွေကို မပြစ်ပယ်ကြဘူးဆိုတာပါဘဲ...။သူ့မှာလဲ သူ့နည်း သူ့လမ်း..သူ့စည်းကမ်း ရှိပါတယ်...အလွတ်သဘော ရေးလို့မရပါဘူး..။
စဉ်းစားကြည့်ပါ...လမ်းသစ်ဖောက်တယ်ဆိုတာ....လမ်းဟောင်းကို စံနမူနာ မယူလို့မရပါဘူး...အနည်းအကျင်းလောက်တော့ ပါရပါတယ်...။  ဆိုလိုချင်တာက....လုံးဝ ပြစ်ပယ်ပြီး ခံစားမှု့ ကို အခြေခံရေးလို့...အဆင့်အတန်းရှိတဲ့  ကဗျာ ဖြစ်မလာနိုင်ပါဘူး..
အပျှော်ဖတ် စာပေ ထဲပဲ အကျုံး ၀င်သွားမှာပါ.....။ ကကြီး ဒီလို မဖြစ်စေချင်ပါဘူး...နောက်တစ်ချိန်မှာ ဒီအွန်းလိုင်းမှာ ရေးသားနေတဲ့
ဘလော့ဂါ တွေဟာ မြန်မာ စာပေလောက မှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေ...ကဗျာဆရာ တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး...။ခု အချိန်မှာ အတွေးအခေါ်မရင့် သန် သေးလို့ ရေးချင်ရာရေးခဲ့တာ ခုအတွက် ပြသနာ မ၇ှိပေမယ့် တစ်ချိန် အောင်မြင်တဲ့ စာပေ သမား ဘ၀ရောက်တဲ့ အခါ....အတွေးအခေါ်တွေပြောင်းလဲ တွေးခေါ်နိုင်တဲ့ အခါကြရင်....ခုချိန်က ရေးသားခဲ့တဲ့...ဘလော့ဂါတွေရဲ့ စာတွေက  သူ့ရဲ့ စာပေ သမိုင်း ဖြစ်သွားပါတယ်...မဆင်မခြင် ရေးသားမိခဲ့တဲ့ မိမိ စာတွေအတွက်
မိမိ ကိုယ်တိုင် ပြန်ရှက်...ပြန်နောင်တ ရမယ့် လူဖြစ်သွားနိုင်ပါတယ်....ကိုယ့် မဆင်မခြင် မှု့ ကို ကိုယ်ပြန်ဖြေ၇ှင်းရပါလိမ့်မယ်..။ ဒီအတွက်ကြောင့် ကိုယ့်ယခု မရည်ရွယ်ဘဲ..စိတ်ခံစားမှု့ကိုအခြေတည် ပြီး ရေးသားရာ စာတွေမှာ သတိ ထားကြစေချင်ပါတယ်...... လမ်းဟောင်းကို မပြစ်ပယ်ပါနဲ့...လမ်းသစ်ကို ဖောက်ကြပါ သို့ပေမယ့်...လမ်းဟောင်းက သင်ရိုးညွှန်းတန်း တွေကိုတော့ လေ့လာ ဆည်းပူးထားတဲ့ အသိအလိမ္မာ ရှိနေဖို့ လိုအပ်ပါတယ်..။
 ခုလဲ ကကြီး သိသလောက် စာပေရေးသားနည်းဆိုင်ရာ လေး တချို့ကို ချပြလိုက်ပါတယ်....။
တကယ်ကို သိသလောက်လေးပါဘဲ.....။ မှားခဲ့တယ် ဆိုလဲ ကကြီးရဲ့ စေတနာ အမှား ပါပဲ....။ဘာလို့လဲ ဆိုတော့ ကကြီးသိသလို...
သိစေချင်တယ်လေ...။

    အသတ်(၆)ပါး။
စာရေးဆ၇ာတိုင်း အလေးမူ ဂရုပြုအပ်သည့် ဖြစ်၍ ခပ်သိမ်းသော သတ်ပုံသတ်ညွှန်း ကျမ်းအသီးသီးတို့၏  မှီတွယ်ရာ ငြမ်းကြီးသဖွယ်
ဖြစ်သော အသတ်(၆)ပါး။


၁။တ..သတ်။
၂။န..သတ်
၃။ပ..သတ်။
၎။မ..သတ်။
၅။နိဂ္ဂဟိတ်..ခေါ်သေးသေးတသ် သတ်..။
၆။ကဗျာလင်္ကာ ဖွဲစီသီးကုံးရာ၌ ယှဉ်အပ် ယှဉ်သင့်သော ယုတ္တ အသတ်။


ကရိယာ(၆၀)။
ရတုကဗျာ စီကုံးရေးသားရာ၌ ကဗျာလင်္ကာလိုက် စားသုံးသူတိုင်း အသုံးချရမည့် ရှေ့ဆရာကြီးတို့ ၏ ဂရုပဒေသ..နယုပဒေသ..
နဂ္ဂါယဟ..ဖြစ်သော မြန်မာဘာသာ အခေါ် ကရိယာ(သို့) တြိယာ ခြောက်ဆယ်ကို က၀ိပါသဏ္ဍ ကျမ်းမှ ယူ၍ အမြွက်ပြဆို ....။

     ""မဉ္စူဘုန်းမော်၊ပွင့်ချိန်မျှော်သည်၊ဗန်းမော်ခေါင်ထိ၊တုမရှိသည်၊က၀ိကဝေ၊စောမြူတေ၊နှစ်ထွေလင်္ကာ၊ကျမ်း၌လာသား၊နည်းနာနယ၊
ဝိတ္တာရဖြင့်၊သုံးတန်ဆင့်၍၊ဖွင့်သည့်ကဗျာ၊တြိယာတွင်၊သမာသေန မူလမဇ္စျေ၊ကိုသာပေတည့်၊သံခြေပျံ့ညှင်း၊ကျွန်ုပ်ခင်းပိမ့်။
(လျှင်..လျှင်း..မူကား၊၀ယ်..သား..တမင့်၊ ချိမ့်..ဖြင့်..တွင်..၏ ။ ပိမ့်..လှည့်..မည်..အံ့၊လော..က..တုံ..မံ့..က၊လိမ့်..စွာ..တံ့..လည်း၊ တည့်..တည်း..ချည်း..ဟု၊ ခဲ့..နည်း..နှိုက်..လျက် ၊ကြောင့်..ထက်..မို့..လည်၊ စံ့..သည်..စိမ့်..တုံ့ ..လိမ့်..တည့်..တော..ကား..၊
လော့..၍..လား..သို့..၊မျှ..တို့..ငှါ..ရှင့်..၊ တမို့..နှင့်..ကို..။)  ရှင့်ပင့်ညဏ်တော်..၊ ထွန်းပေါ်ကျယ်ချဲ့၊ယှည်ခဲ့တတ်၊ တော်မူပါ ဘုရား။


ကဲ...အလိုရှိသလို  သိနိုင် သုံးနိုင်ဖို့ ရေးဖော်ရေးဖက် များအား ဝေမျှလိုက်ပါတယ်.....။
ကကြီးစေတနာ ပါ...။                            ။


                       ကကြီး။ kyagee13@gmail.com(4.6.11)

ဘ၀အတွက်လိုနေတဲ့ မထူးခြားခြင်း ထူးခြားခြင်း။


ဘ၀အတွက်လိုနေတဲ့ မထူးခြားခြင်း ထူးခြားခြင်း။

မထူးခြားတော့ဘူး။
ဘ၀က ခွက်စုတ်တစ်ခုထဲက အမှိုက်တွေလို
ဖန်ခွက်ဝက ""လေ"" လာရှုနေတယ်....။

မထူးခြားတော့ဘူး။
ပုံမှန်ထားနေတဲ့ နေ့တိုင်းရဲ့ အချိန်တွေက
နေ့လည်(၁) နာရီမှာ အိပ်ရာက ထပြီး....
ဝင်ငွေမဲ့ အိပ်ကပ်ကို  အတွေးအခေါ်လွတ်
ငွေကြေးတွေ ဖိသိပ်နေတယ်.....။

မထူးခြားတော့ဘူး..။
ယင်းထနေတဲ့ ငတ်မွတ်ခြင်းတွေက
ခုပုံဆိုရင်.....
ဧည့်သည်လုပ်ရင်း  မသိမသာ  အိမ်ရှင်ဖြစ်နေတာ
တရေးနိုးညက လရောင်ကြောင့် 
ငါသိလိုက်တယ်...။

မထူးခြားတော့ဘူး.။
မျက်နှာတစ်ခု ပေါ်မှာ  ကြွယ်ဝခြင်း အရိပ်ထင်နေတဲ့
ကွေးညွှတ်နေတဲ့ နှုတ်ခမ်းတစ်ဖက်မှာ
သနားလို့.....မသကာ လာချိတ်ရုံက
အထင်သေး  အမြင်သေး ချိုးနှိမ်ခြင်းပဲ........။

မထူးခြားတော့ဘူး...မထူးခြားတော့ဘူး..။
ကဗျာဆရာ တစ်ယောက်ရဲ့ ""ဒုက္ခစရိယာ""  မှာ
ဘယ်တုန်းက ""လ "" သာဖူးလဲ.....?
စာရေးဆရာ တစ်ယောက်ရဲ့  ""ကိုယ်ကျင့်တရား"" ကို
ဘယ်တုန်းက  မိုးတိမ်တွေ  ဖုံးဖူးသလဲ.....?  ။

ဒါပေမယ့်......။
ဆုံမှတ်တစ်ခုမှာ  ဘာသာဗေဒ မဲ့နေတဲ့....ကဗျာတစ်ပုဒ်နဲ့
ပိုစ့်ဆန်ဆန် ရေးထားတဲ့...""၀တ္ထုစာသား"" တွေက...
ကြက်ဥပြုတ် တစ်လုံးရဲ့ အကာပေါ်မှာ
ကြိမ်းသေး မိတ်ဆွေဖွဲ့  အရာရာ ကို ဖန်ဆင်းကြတော့.....
သေချာပါတယ်....
မထူးခြားတာက
ရိုးရိုးသားသား  စည်စည်ကားကား  ဖြစ်သွားမယ့်.........
""အသုဘ""  တစ်ခု ဆိုတာပါဘဲ......
""ကဗျာ"" နဲ့""စာသား"" တွေကတော့
လောကမှာ အတိုင်းအတာ တစ်ခုအထိ  ကျန်ရစ်မယ်လေ......။                              ။



                                               ကကြီး။kyagee13@gmail.com
                                                 (23.2.11)

သုံးသပ်ခြင်း။


သုံးသပ်ခြင်း။


နေရောင်တစ်ခု အားပျော့ချိန်မှာပေါ့.....
အလင်းဖျော့ ကောင်းကင်အောက်က
ဒဏ်ရာမဲ့ မြေကွက် တစ်ကွက်ပေါ်မှာ
အားငယ်ခြင်း ခြေဖမိုးကို ဖိနင်း
နှလုံးသားမပါတဲ့.....တေးချင်းတစ်ပုဒ်ကိုရေးရင်းနဲ့
အဝေးကို  ရီဝေ ငေးကြည့်
နေရာတိုင်းမှာ  ရှိနေဆဲ  ကြေကွဲပုံရိပ်တွေဟာ......
အချိန်ရွေ့စက်ဝိုင်းနဲ့  ဆန့်ကျင်
ဘ၀တစ်ခုထဲက  ဘ၀ရဲ့ ခြေရင်းမှာ ၀ပ်ဆင်း....
နားခိုခြင်းကင်းတဲ့.....
ပုံမှန်မရှိတဲ့  သီအိုရီ  ထဲကို
ဇွတ်အတင်းဝင်လို့..
""ဌာပနာ"" မပါတဲ့  ခန္ဓာကိုယ် ရဲ့ သရုပ်က
ငိုသလိုနဲ့..ငိုင်....
ယိုင်တိုင်တိုင်  ခြေလှမ်းတွေနဲ့...
ခရီးမဲ့ လမ်းကို  ပြေးနေရသလိုပါဘဲ.....။                         ။


                                                     ကကြီး။kyagee13@gmail.com(6.6.11)