Wednesday, June 26, 2013

လူထက်မြင့်သောလူ ။

လူထက်မြင့်သောလူ ။


ကဗျာဆရာ ဆိုတာ ...
ပုံရိပ်မဲ့ အတွေးအခေါ်တွေကို ပန်းပုထု
စကားလုံးရုပ်တွေ စုနေတဲ့ " စုန်း" မဟုတ်ဘူး ။



ကဗျာဆရာ ဆိုတာ ...
သိမ်မွဲ တဲ့  အဆင်တန်ဆာ ၀တ်..
အာဟာရ အပြည်နဲ့ ခစား....
"ကန္တာရ ငါးတစ်ကောင်" မဟုတ်ဘူး ။




ကဗျာဆရာ ဆိုတာ ...
သီအိုရီ အခြေခံကို  နားလည်မှု မဲ့...
ဆိုရဲရက် တဲ့ .... "လက်လွတ်စပယ် အရေးအသား သမား" မဟုတ်ဘူး ။




ကဗျာဆရာ ဆိုတာ ...
သမိုင်းကို ခေတ်နဲ့ချည်ဆွဲ " ဆင်းရဲမှုကို မျှော်လင့်ရဲ"သူ ......


ကဗျာဆရာ ဆိုတာ ...
ပဋိညဉ်ကို  ရင်ခံကတုတ် လုပ်... "သစ္စာရုပ်နဲ့ အမှန်တရား အုပ်"သူ....


ကဗျာဆရာ ဆိုတာ ...
ရောင့်ရဲမှုကို ကျင့်သုံး  ...." ပရဟိတ တရားလုံးလုံး အတွက်
"အတ္တကို ခ၀ါ ချထားသူ....




ကဗျာဆရာ ဆိုတာ ...
အမွန်မြတ်ဆုံး စိတ်ဓါတ်နဲ့ အသက်ဆက်
မေတ္တာပျက်လောက ထက်မှာ... အစဉ်အမြဲ ပေါ်ထွက်ခဲ သူ.....



ကဗျာဆရာ ဆိုတာ ...
မှားယွင်းမှု ပုံပြတွေကို ကျောပေး
ညအေးအေးမှာ  ဆာလောင်မှု ကုဋေကုဋာ နဲ့ တေးဆိုတတ် သူ.....


ကဗျာဆရာ ဆိုတာ ...
အမှန်တရား တွေကို သုံးသပ်
ဒဏ်ရာများ အထက်က ....
"လူတော့လူ ဒါပေမယ့်  လူထက်မြင့်သော လူ "     ။





ကကြီး။ (၂၇.၆.၁၃)

အချိန်လွန်။

အချိန်လွန်။


မိုးကောင်းကင်တစ်ခုလုံး နေ့အလင်းတွေ မှိန်ကုန်တဲ့
ရက်တစ်ရက်မှာ ......
ပစ္စုပ္ပန်တွေကြားကနေ အတွေး တွေက ခေါင်းထောင်
အတိတ်ရဲ့အရောင်တွေကြောင့်
လက်ရှိရဲ့အမှောင်တွေ လွင့်ပြယ် သယောင်ယောင်နဲ့
ေ၀၀ါးလာတဲ့အတွေးတွေနဲ့အတူ....."Infarction" ၀င်လာတဲ့ နှလုံးသားကို
အရေးပေါ် "Thrombolytic agents drug"
ပေးဖို့လိုနေပီ ထင်ပါတယ်......

(၁၉၈၅)
လူမှန်းသိတတ်စအရွယ် ဟိုး...ငယ်ငယ်က
ပျှော်ရွှင်မှု့တွေကို အားမနာပ သယ်လို့ ကလေးဘ၀ရဲ့ အလယ်မှာ
"conceal" ဆိုတာ ဝေလာဝေး ရခဲ့တဲ့ ဘ၀ပေးက လှလွန်း ပါတယ်....
ဒါပေမယ့်....
တဖြည်းဖြည်းနဲ့....လောကဓံရဲ့ သီအိုရီကို မြည်းခွင့်ရတဲ့ အစမှာ.....
"ရော်ဘင်းခရူးဆိုး"နောက် ကျွန်တော် တကောက်ကောက် လိုက်တတ်ပီ...
"ဘရပ်ပစ်စ်" ရဲ့ အပြုံး နေရာအားလုံးမှာ ကျွန်တော်သုံးတတ်ခဲ့ပြီ...
နောက်....
မဆုံးနိုင်တဲ့ "ရားဘင်ဒါးနတ်တဂိုး"ရဲ့
ကဗျာတွေကို ဖတ်တတ်နေပြီ...
ပြီးတော့...
တီးတိုးခစားမှု့ အလျဉ်းမသင့်တဲ့ သက္ကရာဇ်ဟာ
လူးလွန့်တွန်းထိုးပြီး ဘ၀ကို တွဲလာချိတ်
"ပီကာဆို" ရဲ့ "ရှိတ်"တွေနဲ့
စာမေးပွဲ ခန်းတွေထဲမှာ ကျွန်တော် အိပ်တတ်ပြီ...
ဒီလိုနဲ့ မကြာပါဘူး...
အချိန်တွေက မီးခိုးတလူလူနဲ့ ကမ္ဘာတစ်ပါတ် နေ့...ပေါင်းသယ်
ဒုက္ခတွေရဲ့ အလယ်မှာ   ငါလန့်နိုး
ချမ်းလို့ ခြုံစရာ "စောင်"မရှိ ......
မိုးပေါက်တွေကြားမှာ သွားစရာ "ထီး" မရှိ ......
"စားဖို့" ဖွေရှာ ဘာမရှိ .........
အတိတ်မှာ ညာမိတဲ့ ငါ.....
ဒီအချိန်မှာ မခံနိုင်တဲ့  ခါးသီးမှုတွေ တွေ့ခါမှ
အချိန် ယန္တယားကို ကမန်းကတန်း နောက်ပြန်ဆွဲ.......
"အမေ့" ရင်ခွင်ထဲ "သား" ပြိုလဲချင်တယ်..လို့  ပြောခွင့်မရှိနိုင်တော့ပါဘူး...။

ကကြီး။

 

ပိုင်ဆိုင်ခွင့်။

ပိုင်ဆိုင်ခွင့်။

ပြေးထွက်မရတဲ့ အတိတ်လွန်ခံစားမှု aတွကို
နှလုံးသားမှာ ပေါင်းကူးပြီး တံတားခင်းပေးမိတဲ့ခဏမှာ......
ပြီးခဲ့တဲ့ ကာလများက အရိပ်တွေက
ဝိုးတ၀ါးနဲ့ ခန္ဒာပေါ်ကိုထိုး.......
ညာခဲ့မိတဲ့ ဒီအချစ်မျိုးဟာ
မှားယွင်းမှု့တွေ ကုဋေကုဋာနဲ့ စတင်
လက်ရှိအချိန်တွင်းမှာ အရာရာကို လူမသိအောင်ပြန်တွေး
တပ်မက်ခွင့် သေးသေးလေးတော့
ရှိချင်တယ်...

အပြစ်ရှာမရတဲ့ ငါတို့ရဲ့ အတိတ်တွေမှာ,,,,,,,
တစ်ယောက်ကိုတစ်ယောက် ကိုယ်စီပြန်ကြည့်
တကယ် အချစ် ဆိုတာ ရှိခဲ့ကြတာဘဲ...........
ဘာဘဲဖြစ်ဖြစ်လေ..
ပြီးခဲ့တာတွေကို ပြန်မတွေး..နာကျင်မှု့တွေကို အနားပေးဖို့.......
လွမ်းရတဲ့ ကာလတွေ ထာဝရ ဝေးဖို့......

တကယ်သာ တောင်းဆုပြုရရင်
မင်းမျက်ဝန်းထဲမှာ ခဏ၀င်ထိုင်
ချစ်ခဲ့ကြသူ နှစ်ဦးအတွက် ...အနာဂါတ် စိတ်တခုကို ပိုင်ချင်တယ်...။ ။

ကကြီး။

Monday, June 24, 2013

ဘာသာနှင့် လူမျိုးရေးတိုက်ပွဲ။

ဘာသာနှင့် လူမျိုးရေးတိုက်ပွဲ။



မတိုက်ဆိုင်မှု.....
မတူညီမှု.....
ဒါဟာ,,,,, ပဋိပက္ခ
တစ်ဆင့်မြင့်တော့   "လူသတ်ပွဲ"


ဒီတော့....
သူ့ကို  ငါက နိုင်
ငါ့ကို  သူက နိုင်
သူ့ကို ငါက သတ်
ငါ့ကို  သူက သတ်

,,,,,,,,,,,,,
သူ့အဖေကို  ငါ့အဖေက သတ်
ငါ့ အဖေကို သူ့အဖေက သတ်
,,,,,,,,,,,,,
သူ့အဘိုးကို ငါ့အဘိုးက သတ်
ငါ့ အဘိုးကို  သူ့အဘိုးက သတ်
ရှုံးကြ၊ နိုင်ကြ ၊ သေကြ ၊ သတ်ကြ
ဒီတင် ပြီး ပြီလား.......
??????????
မပြီးသေးဘူး!!!!!!!!

သူ့သားကို ငါ့သားက နိုင်
ငါ့သားကို  သူ့သားက နိုင်
သူ့သားကို ငါ့သားက သတ်
ငါ့သားကို  သူ့သားက သတ်
ရှုံးကြ ၊နိုင်ကြ ၊ သေကြ ၊ သတ်ကြ
ဒီတင် ပြီး ပြီလား.........
??????????
မပြီးသေးဘူး!!!!!!!!

သူ့မြစ် ၊သူ့တီ ၊ သူ့တွတ်
ငါ့မြစ် ၊ ငါ့တီ ငါ့တွတ်
,,,,,,, နောက်မျိုးဆက်ရှိသမျှ,,,,,,,,
ဘိုး ၊ဘွား ၊ဘီဘင်
သား ၊ မြေး ၊တီ ၊တွတ်
ရှုံးကြ ၊နိုင်ကြ ၊သေကြ ၊ သတ်ကြ
ဒီတင် ပြီး ပြီလား.........
??????????
မပြီးသေးဘူး!!!!!!!!

ကမ္ဘာတည်နေသရွေ့....
သမိုင်းဆိုတာ ရှိနေသရွေ့...
ရှုံးကြ ၊နိုင်ကြ ၊သေကြ ၊ သတ်ကြ ။





ကကြီး။(၂၄.၆.၁၃)

Saturday, June 22, 2013

ငါနာတတ်သည်...

ငါနာတတ်သည်...

ငါ့ အသားကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါ့ အမျိုးကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါ့ လူမျိုးကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါ့ သာသနာကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါ့ နိုင်ငံကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါ့ အမျိုးသား အကျိုးစီးပွားကို ထိ၍ ငါနာတတ်သည်...
သို့သော်..
ငါသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ငါသည်...
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ် စစ် တစ်ဦး ဖြစ်သည်နှင့် အညီ...
မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီး အောင်ခြင်းရှစ်ပါး ကို အောင်မြင်တော်မူသကဲ့သို့
ဆုံးမနည်းယူ သည်းခံပါသော်လည်း....

အတိုင်းအတာ တစ်ခု ထက်ကျော်လာသော...
တရားဘောင်လွတ်စော်ကားမှု များကို လက်တုံပြန်မည် ဖြစ်သည်...။

အဘယ့်ကြောင့်ဆိုသော..
ငါသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာခဲ့သော..
အတုလမရှိ ဗုဒ္ဓမြတ်စွာဘုရား မဟုတ်ပဲ....
ဇာတိ ဇရာ မရဏ အတွင်း ဘ၀ရလာသော ကိလေသာထူပြောသည့်..
လူတစ်ဦးသာ ဖြစ်သောကြောင့် ဖြစ်သည်...။

ငါနာတတ်သည်...
သို့သော်..
ငါသည် အတိုင်းအတာ တစ်ခုအထိသာ
သည်းခံတတ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သည်..။

ကကြီး။
(၂၂.၆.၁၃)

Tuesday, June 18, 2013

လူမျိုးရေး တိုက်ပွဲတွေရဲ့ အဖြေ (သို့) ရွှေပြည်တော် မျှော်လေတိုင်းဝေး..။

လူမျိုးရေး တိုက်ပွဲတွေရဲ့ အဖြေ (သို့) ရွှေပြည်တော် မျှော်လေတိုင်းဝေး..။

အမေ ...
ကရူးဆိတ် စစ်ပွဲဟာ..... နှစ်(၂၀၀) ကြာသတဲ့လား...
ဘာကြောင့် ဒီစစ်ပွဲ စဖြစ်သလဲ ကျွန်တော် မသိဘူး အမေ....
ကျွန်တော် သိတာကတော့ ပါလက်စတိုင်းနဲ့ အစ္စရေး မပြီးသေးတဲ့ပြဿနာပဲ...

အမေ....
အိုဘားမား ဟာ လူမည်း တစ်ဦးပါ...လွတ်လပ်ရေး စွမ်းဆောင်မှုမှာ ပါဝင်တဲ့ ဦးရာဇတ်ဟာ မူစလင်ကြီးပါ...
အိုဘားမား အမေရီကားမှာ ဖြစ်ခဲ့ဖူးတဲ့ လူဖြူ လူမည်း ပြဿနာကို ပြန်အစဖော်ပြီး...
ခု... သူ လူ မသတ်ဘူး ...
ဦးရာဇတ် မြန်မာပြည်ကို ဗုဒ္ဓဘာသာ နိုင်ငံ အဖြစ် သတ်မှတ်တာကို မကန့်ကွက်ခဲ့ဘူး..

အမေ....
ကျွန်တော် လဲ ကျွန်တော့် လူမျိုးကို ကျွန်တော်သိပ်ချစ်ပါတယ်အမေ...
သူတို့ပြောသလို ....
ကျွန်တော် အစွန်း မရောက်နိုင်တာတော့ ခွင့်လွှတ်ပါ..

အမေ...
ကျွန်တော် မွေးကတည်းက ကျွန်တော်တို့နိုင်ငံမှာ ကောင်းကင်ရထား မမြင်ခဲ့ဖူးဘူး ..

အမေ.....
ကျွန်တော် မွေးကတည်းက ပြည်သူ ချစ်တဲ့ သမ္မတ ဆိုတာ မမြင်ခဲ့ ဖူးဘူး....

အမေ....
ကျွန်တော် မွေးကတည်းက အခြေခံ လူ့အခွင့်အရေးဆိုတာ မကြားခဲ့ဖူးဘူး....

အမေ...
ခု ကျွန်တော်တို့ အဲ့ဒါတွေ မြင်ရတော့မယ်....
ခု ကျွန်တော်တို့ အဲ့ဒါတွေ ခံစားရတော့မယ်....

ဒါပေမယ့် အမေရယ်..
အမေ အသုဘမှာ ဘာသာခြား အလောင်း (ပုတ်နေတဲ့အလောင်း) ကို
ဝိုင်းထမ်းပေးကြတဲ့ မူစလင်တွေနဲ့ ကျွန်တော်တို့ သူသေကိုသေ သတ်နေကြတယ်ဗျာ...

အမေ....
နောက်ဆုံးတော့
ကျွန်တော် ထင်ပါတယ်...
ကျွန်တော်တို့ဟာ ."".ရွှေပြည်တော် မျှော်လေတိုင်း ဝေး"" ပါပဲ...။

ကကြီး။(19.၆.၂၀၁၃)