အဆုံးတိုင်..။
သတ္တလောကရဲ့ မဆီမဆိုင် တုန့်ပြန် မှု့တွေကို ဘယ်တော့မှ အလေးမထားတဲ့ သူရိယနေမင်း ရဲ့ တစ်နေ့တာ ဆုံးဖြတ်မှု့ အောက်မှာ....အဓိပ္ပါယ်ဖော်မရတဲ့ ဘာသာတွေနဲ့ ငိုနေတတ်တဲ့ ငါလိုကောင်ရဲ့ စကားသံ ဟာ....တစ်ခါတစ်ရံမက နင့်အတွက် ....
ခါးကောင်း ခါးမယ်.....။
ငှက်တစ်ကောင်ရဲ့ တောင်ပံ ခတ်သံတိုင်းမှာ မူသေညည်းတွားမှု့ ဆိုတာ မရှိပေမယ့် အလိုမကျတဲ့ လေရဲ့ သဘောထား မပြည့်ဝ မှု့တွေကို သူတို့ တွေ့ရတဲ့ အခါတိုင်း သူတို့ မောပန်းမှု့ ခံစားရမယ်ဆိုတာကို စေ့စေ့ လေးတောင် တွေးမကြည့် ဖူးတဲ့ နင်က ငါ့ကို........
""မောင် က လက်တွေ့ ဘ၀ကို ဆန့်ကျင်ပြီး သကာရည် ဖုံးထား တဲ့ သိုးနေတဲ့ ဒိန်ခဲ လို ဘ၀မျိုးကို တပ်မက်နေတာဘဲ.......တကယ်တော့မောင်.....ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ.... မောင်ထင်သလို ငါးကန် ထဲ က ငါးတစ်ကောင်ကိုဖမ်းသလို မဟုတ်ဘူး မောင်..... အမှန်စင်စစ်က ခြေရာထင်ကျန်နေတဲ့ လမ်းကနေ မောင် ဂျပိုးတွေကို တွေ့အောင်ရှာနိုင်ဖို့ဘဲ...
.မောင့်ရဲ့....မဟုတ်တဲ့ မိုက်မဲမှု့ကြောင့် ကျွန်မတို့ ဝေးရလိမ့်မယ် မောင်......
.မောင့်ရဲ့....မဟုတ်တဲ့ မိုက်မဲမှု့ကြောင့် ကျွန်မတို့ ဝေးရလိမ့်မယ် မောင်......
မောင့်ရဲ့ မိုက်မဲမှု့ တွေကို ချစ်သူ အပေါ် မြတ်နိုးခြင်း ဆိုတာနဲ့ ကျွန်မကတော့ လဲလှည် စားသုံးစေချင်ပါ ပြီ.....""
ငါရဲ့ ဆွဲကိုင်ထားတဲ့ အမှန်တရား သီအိုရီ တစ်ခုကို ဂျပိုးခြေရာနဲ့ ဆက်စပ်မှု့ တွေ အောက်မှာ နင်က ၀ပ်တွားစေချင်တဲ့စကားကို နင် သိပ်ကြိုက်တဲ့ ကော်ဖီခါးသက်သက် တစ်ခွက်နဲ့... ၀န်ဆောင်မှု့ မပြည့်တဲ့ ဓမ္မပျက်လမ်းဘေးဆိုင်မှာ ပြောခဲ့တဲ့အချိန်မှာ... ငါ့ မျက်နှာပေါ် က လျှပ်ရောင် ပြေး တစ်ချက် ကို နင်မှ မတွေ့လိုက်ရတာ.........။
ခပ်သဲ့သဲ့ ကြားနေရတဲ့ ""စီလင်းဒီယွန်"" ရဲ့ တေးသံ အေးအေးကြားမှာ လေမတိုက်ဘဲ.....စကားသံ တစ်ခု ကြောင့်ဆိုင်ရှေ့မှာ ကာထားတဲ့ လိုက်ကာ တချို့ ခါယမ်းသွားတာကို အတည်ပြု ကောင်းတဲ့ နိမိတ်တစ်ခုလို ယူဆတတ်တဲ့ နင်ဟာ တကယ်တော့.....မြို့ပျက်တစ်ခု ထဲက ချည်တိုင်လွတ်နေတဲ့....တိရိစ္ဆာန် တစ်ကောင်.....ပါဘဲ....။
""ငယ်.....တုန့်ပြန် လို့ မရတဲ့ ရိုက်ခတ်မှု့ တိုင်းကို...ဒီအတိုင်း လက်လျော့ပြီး ပေးခဲ့တဲ့ အင်းအားတွေ အဆုံး ရှုံး ခံပြီး နောက်ပြန်လှည့် ကြေး ဆို ဒီ ငါဆိုတဲ့...ယောကျာင်္း တစ်ယောက်အဖို့ ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ် သေလိုက်ဖို့ ဘဲ ရှိတော့တယ်.....""
""အဲတော့.......ငယ့် စကား တွေကို နေမ၀င်ခင်မှာ ပြန်ရုပ်သိမ်းပေးပါ.......ငယ့် ကို မောင်ချစ်ပါတယ်...""
နင် ထင်ခဲ့သလို တယူသန် အတ္တနဲ့ မာနကို တိမ်တွေ ပေါ်မှာ ချိတ်ပြီး ဖြစ်သင့်တာတွေကို မေ့နေတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့
ငါ့ရဲ့အထိမခံနိုင်တဲ့ သိက္ခာတရားကို လက်လွှတ်လိုက်ဖို့ ငါ့ကိုပြောတိုင်း...........
ငါ့မှာရှိနေတဲ့ မူပိုင်ခံယူချက်တွေက လက်မခံနိုင်ကြဘူး.................................။
အချစ်တစ်ခုရယ်...ငွေကြေးပြည့်စုံမှု့ရယ်နဲ့ ဘ၀ကို ထင်သလို လဲလှယ် ယူလို့ရကြေး ဆို...မသာယာတဲ့ အိမ်ထောင်တစ်ခု အတွင်းက ဂေါင်းထောင်ထောင်ထလာတဲ့....မကျေမချမ်း ရေရွတ်သံ ဆိုတာ...ကမ္ဘာပေါ်က အိမ်ထောင်တိုင်းမှာ ဟိုအရင်ကလဲရှိခဲ့မှာမဟုတ်ဘူး...
နောင်လဲ ရှိလာတော့ မှာ မဟုတ်နိုင်ဘူး......
စားပွဲ ခုံတစ်လုံးရဲ့ အစွန်း နှစ်ဖက်မှာ......ဆန့်ကျင်ဘက် နေရာ နှစ်ခုကို ယူထားကြတဲ့ လူနှစ်ဦးရဲ့ ကြားမှာ.....ဒီကနေ့မှထူးထူးခြားခြား ခါးသက်သက် ကော်ဖီတစ်ခွက်ရယ်....... ကာလာပျက်နေတဲ့ ""လစ်ပတန်တီး"" တစ်ခွက်ရှိနေတယ်............
နောက် မမြင်ရတဲ့ ဆွေးနွေးမှု့ရဲ့ အဆုံးသတ် အဖြေတစ်ခုရှိနေတယ်........ ။
တစ်ဖက်မှာ လက်တွေ့ ဘ၀အတွက် မိန်းမ တစ်ယောက်ရဲ့ တပ်မက်လွန်းတဲ့ ရလိုမှု့ ချစ်ခြင်းတွေ ရှိတယ်.......။
တစ်ဖက်မှာ နာရီတိုင်းရဲ့ ပြောင်းလဲ သက်ဝင်မှု့ သဘောတရားတွေကို ယုံကြည်ကိုးစားတဲ့....... စာပေရဲ့ ကျေးကျွှန် ယောကျာင်္း တစ်ယောက်ရှိတယ်.....
ဆူးလေး ဘုရားလမ်းမကြီးပေါ်က ကားတွေက ဥဒဟိုနဲ့ ရည်ရွယ်ချက်ရှိတာကို မောင်းနှင်း ထွက်ခွာနေကြတယ်....
တစ်ဖက်လမ်းက ကားတွေ က ဆူးလေး ဘုရားဘက်ကို..........
တစ်ဖက်လမ်းက ကားတွေကတော့ ရန်ကုန် ဘူတာကြီး မီးရထား ဂုံးကျော် တံတား ဘက်ကို............
ကိုယ်စီ ကိုယ်စီ အသက အသက ကိုယ့်ခရီး ကိုယ် သွားနေကြတယ်.......
ဒီအချိန်မှာ ရုတ်ခြည်ဆိုသလို ဘဲ.....""ကုန်သယ်ကြီးများ ဟိုတယ်"" ရှေ့ ကမ္ဘာအေး ဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံး မီးပှိုင့်ဟာ.. ကမ္ဘာအေး ဘုရားလမ်းဘက် ယဉ်ကြောကို မီးအနီး ပြ တားမြစ်လိုက်ပြီး......ဗိုလ်ချုပ် လမ်းမ တစ်လျှောက်က ကားတွေ အတွက် မီးစိမ်းပြလိုက်တယ်.........။
""ဒီမှာ မောင်.....မောင့်ကို ဒက်ဒီ ပြောသလို...မောင် စကာင်္ပူ ကို ဒီလ အတွင်း ထွက်ပါ...မောင် အလွန်ဆုံး နေရလှ(၂)နှစ်ပေါ့မောင်....အရာ အားလုံးဟာ အဲ့ ဒီ့ အခါ ကျရင်....ကျွန်မနဲ့ မောင့် အတွက်.... ခါးသီးမှု့တွေကို စိုးစဉ်းမျှ ပေးနိုင်အောင် လုပ် နိုင်မယ့် အတားအဆီး ဆိုတာ ဘာမှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး........မောင့်ရဲ့ ခံယူချက်တွေ ကို ကျွန်မရဲ့ စကားလုံးတွေ နဲ့ အစားထိုး ပြီး....ခု ဘဲ ကျွန်မရဲ့ လက်နှစ်ဖက်ကို မောင့် လက်တွေ နဲ့ ဆုပ်ကိုင်လိုက်ပါတော့ မောင်ရယ်....""
ငါနှုတ်ခမ်း တစ်ဖက်က ကွေးသွားတဲ့ ပုံဆောင်ခဲ တစ်ခု ကို နင်တော့ မြင်လိမ့်မယ် မထင် ဘူး.......ဒါပေမယ့်..ခိုစာထိုင် ရောင်း နေတဲ့ သေမင်းကို လက်ဆွဲ နှုတ်ဆက်ချိန်ဖြစ်နေတဲ့ ....အဘိုးကြီးကတော့ မြင်သွားခဲ့ တယ်....။
ကော်ဖီ ခွက်ထဲကိုကျ သွားတဲ့ မျက်ရည်တစ်စက်ရဲ့ ဓါတ်သတ္တု အာနိသင် ဟာ...ကော်ဖီတစ်ခွက် လုံးရဲ့ အရသာ ကို ကျွမ်းထိုး မှောက်ခုံ ဖြစ်အောင်တော့ လုပ်နိုင်ခဲ့ လိမ့်မယ် မထင်ပါဘူး......။
ပီပီသသမရှိတော့ တဲ့ မနက် ခင်း ကာလတစ်ခု ကို....ဆိုင်ရှေ့က ကာထားတဲ့ လိုက်ကာကြားကနေ လှန်းတွေ့လိုက်ရတယ်....
နာရီလက်တံတွေ အားလုံး ကောင်းကင်ကို ညွှန်းပြတော့မယ့် ဆဲဆဲမှာဘဲ............ဆိုင် ကြမ်းခင်း အထက်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ ဆတ်ခနဲ မတ်တပ် ထလိုက်ပြီး.......
""ငယ်.......မောင့်ကို ခွင့်ပြု ဦးနော်.....မောင် ဒီနေ့..(-------) တိုက် က အယ်ဒီတာနဲ့ ချိန်းထားတယ်....ဒီနေ့ မောင့်စာမူ ပေးရက်လေ......""
ဆိုင်ထဲက တစ်လှမ်းချင်း လှမ်းထွက်လာတဲ့ ငါ့ရဲ့ ခြေလှမ်းတွေရဲ့ နောက်မှာ.... .........
ပထမ ခြေတစ်လှမ်းမှာ....နင့်ကို သိပ်ချစ်တတ် ခြင်းက ကျန်ခဲ့တယ်.......။
ဒုတိယ ခြေတစ်လှမ်းမှာ......ပကာသနနဲ့ စည်းစိမ်ကို တပ်မက် စားသုံး ခြင်း အတ္တတွေ ကျန်ခဲ့တယ်......။
တတိယ ခြေလှမ်းမှာ......ထာဝရ အဖေါ် ဆိုတဲ့ ဝေါဟာရ က ကျန်ခဲ့ တယ်..........။
ဆိုင်တံခါး ကို တွန်းဖွင့် ပြီး အပြင် အရောက်မှာ...လမ်းဘေးမှာ ပြောင်းဖူးစေ့တွေကို မရွံမရှာ စားသောက်နေတဲ့... ခိုတစ်အုပ်က ဝေါခနဲ တိုက်အမိုး ထက်ကို ထပျံ သွားကြတယ်..........။
နောက် ဗိုလ်ချုပ်လမ်း မီး ပှိုင့်မှာ မီး အနီရောင် ပြပြီး.....ကမ္ဘာအေး ဘုရားလမ်းမီးပှိုင့် က မီး အစိမ်းရောင်ပြောင်းသွား ခဲ့တယ်......။
အဲ့ဒီနောက်မှာတော့.....
ဆူးလေး ဘုရားလမ်းဘက်ကို ဦးတည်ထားတဲ့ ကားတွေက ဆူးလေးဘုရား ဘက်ကို............
ကမ္ဘာအေး ဘုရားဘက် ရန်ကုန် ဘူတာကြီး မီးရထားဂုံးကျော်ဘက်ကို ဦးတည် ထားတဲ့ ကားတွေက...သူတို့ ဦးတည်ရာ ဘက်ကို...
အသီးသီး အသက......အသက.....ဆက်လက် ထွက်ခွာလို့ သွား ကြတယ်......။
အဲ့ဒီ့နေ့က နင်နဲ့ ငါရဲ့ ချစ်သူ့ သက်တန်း (၂) နှစ်ပြည့် ရက်လဲ ဖြစ်ခဲ့တယ်.....။
မှတ်မှတ်ရရ....(ထောင့်ကိုးရာကိုးဆယ့်ကိုး၊မေလ၊ဆယ့်ငါးရက်နေ့..။)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကကြီး။
kyagee13@gmail.com (14.411)11:30pm
No comments:
Post a Comment