ကံကြွေးကြမ္မာ...။
ဟိုး......အနောက်တောင်က မိုးတွေ ရွာမယ်ဆို လည်း....မပြေးမလွှားနဲ့ ကျွန်တော် ဒီနေရာမှာ ထိုင်နေခဲ့ မိပါတယ်...။
ကောင်းကင်မှာ အတားအဆီးမဲ့ ထိုးဖောက်မှု့တွေနဲ့ အရေးပြားပေါ် စပ်ဖျင်းဖျင်း ဖြစ်လောက်အောင် ပူနိုင်စွမ်းလွန်းတဲ့ နေရောင်တွေ ရှိနေချိန်မှာလည်း....ကျွန်တော် ဒီနေရာမှာ ရှိနေမြဲပါဘဲ.............။
အူတွေ အသည်းတွေ တဆတ်ဆတ်ခါနေအောင် အေးလွန်းတဲ့ ဆောင်းမနက်တွေ မှာလည်း.....ကျွန်တော် ဒီနေရာမှာ ထိုင်နေခဲ့ တာပါဘဲ.........။
ဒီနေရာ ဟုတ်တယ် ...ဒီနေရာဆိုတာ ရန်ကုန် ဆေးရုံကြီး ပင်မ အ၀င်ပေါက် ဘေးနားက လူသွားလမ်းဘေး နေရာလေးမှာပေါ့.......အရောင်စုံ ဖြတ်သန်းသွားတဲ့ ဖိနပ်တွေနဲ့ ကျွန်တော် နှာသီးဖျားကို ဖုန်မှုန့်တွေ လက်ဆောင်ပေးတတ်တဲ့ခရီးသွားခြေထောက်တွေ ကိုလည်း...ရိုးမယ်ဖွဲ့ မမုန်းမိတော့ပါဘူး....။
ဟုတ်တယ်လေ....တွန်းလှန်ရုန်းကန်နိုင်စွမ်း မရှိတဲ့ ဘ၀ ကို ပိုင်ဆိုင်နေရတဲ့....ကျွန်တော်က အလိုက်သင့်ဒီဘ၀ကိုလက်ခံနိုင်လိုက်ယုံက လွဲလို့ ဘာများ ထပ်လုပ်နိုင်မှာလဲ.........?။
ကျွန်တော် ရည်မှန်းချက် အတွက် ဒါဟာ တစ်ခုတည်းသော နည်းလမ်းလေ.....။
ကျွန်တော်..... အင်း ဆိုပါတော့ ဗျာ....တစ်ဝမ်းစာ လေးကို အူထဲရောက်ဖို့ အရေး....လူဆိုတဲ့ လူတစ်ယောက်ရဲ့မက်မောစရာ အကောင်းဆုံး ဂုဏ်သိက္ခာ တွေကိုလွှတ်ချထားရတဲ့.....ကျွန်တော်ဟာ လူမဟုတ်တဲ့ လူတစ်ယောက်လို့ ထင်မြင်ကြပါစေ....ကျွန်တော် ဘာမှ ပြန်မဖြေရှင်းချင်ပါ...ကျွန်တော် ရည်ရွယ်ချက် အောင်မြင်ဖို့ သာလျှင် အဓိက မဟုတ်ပါလား....။
ပြန်လည် မတွေးချင်တော့ ပါဘူးဗျာ.......
ဒါပေမယ့် တစ်ခါ တစ်ခါများ ကျွန်တော် ရှေ့မှာ လူတစ်ချို့ရဲ့ အတ္တနဲ့ယှဉ်သော စကားတွေ...ပကာသန အခြေခံ စကားတွေကိုကြားရတော့ ကျွန်တော်လဲလေ လူသားပေမို့ လွန်ခဲ့တဲ့ (၄) နှစ်ကို ပြန်တွေးမိဖြစ်သွားတယ်..။
လက်ရှိရဲ့ လူ့သက်တန်း (၄၁)နှစ်ထဲက...(၄) နှစ်ကို နှုတ်လိုက်တော့...အဲ့တုန်းက ကျွန်တော် အသက်က(၃၇) ပေါ့ ဗျာ......
ဘ၀ရဲ့ ပျိုမျစ်နုနယ်ခြင်းတွေနဲ့ အတူ ကျွန်တော်ဘေးမှာ...အတန်သင့်သော ပြည့်စုံခြင်းတွေ လုံလောက် ပြည့်စုံ နေတယ် လို့ ထင်နေမိတဲ့ အရွယ်ပေါ့......။
ကျွန်တော်မှာ သားလေး(၂) ယောက်ရှိပါတယ်...ဇနီးသည်ကတော့..ကမ္ဘာပေါ်မှာ ကျော်ကြားလှပ နေတဲ့ (ဂျနီဖာ လိုပက်ဇ်)လို မလှပေမယ့် လူတော်တော်များများ က သူမအနည်းငယ် လှကြောင်းတော့ လက်ခံကြပါတယ်..။
မနက် ဆိုရင်....ကျွန်တော်က အလုပ်ထွက်...............သားလေး အကြီးကောင်ကို ကျွန်တော်ကချီလို့... အငယ်ကောင်လေးကို သူ့အမေက ချီကာနဲ့ ကျွန်တော် တို့ မိသားစုလေး လမ်းထိပ် လ္ဘက်ရည် ဆိုင်မှာ လ္ဘက်ရည် အတူသောက်
ပြီးတော့မှ...ကျွန်တော် အလုပ်အထွက်မှာ...သူတို့ သားအမိတွေက ကားဂိတ်မထိ လိုက်နှုတ်ဆက်ကြနဲ့...နေ့စဉ်..ကျွန်တော့် အလုပ်သွားမနက်ခရီးစဉ်က ကျွန်တော့် အတွက် အင်းအားပြည့်ဝ လှပါတယ်......။
တစ်နေ့တာ မောပန်းမှု့တွေနဲ့ အိမ်ပြန်လာတဲ့ ကျွန်တော့်ကို ...ညနေဆို သူတို့က လမ်းထိပ်လေးမှာ သနပ်ခါးကိုယ်စီနဲ့ ထွက်ကြိုကြတာကို ကျွန်တော် ကားပေါ်က ဆင်းဆင်းချင်း မြင်လိုက်ရတယ် ဆိုရင်ဘဲ......ကျွန်တော် ပင်ပန်းမှု့တွေဟာ သဲထဲရေသွန် ဆိုသလို ပါဘဲ.....။
ဒီလိုနဲ့ ပျှော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပေမယ့်...ကျွန်တော် တို့ကို အမြဲစောင့် ကြည့်နေတဲ့...သင်္ခါရဆိုတဲ့
သြကာသ လောကကို လွှမ်းမိုးထားတဲ့ ဒီတရားကြီးက အပေါင်းအဖေါ် တွေ အများကြီးခေါ်လာကြပြီး.........တစ်နေ့မှာ......ကျွန်တော်တို့ မိသားစုလေး ဆီကို ဧည့်လမ်းညွှန်းမပါဘဲ....စိုက်စိုက်မြိုက်မြိုက် ကြီးကို ရောက်လာခဲ့ကြပါလေရော ဗျာ.......
အဲ့ဒီ့နေ့လောက် ဆိုးတဲ့ မြင်ကွင်းဟာ....ကျွန်တော်တစ်သက်မှာ မ၇ှိနိုင်တော့ပါဘူး........ကျွန်တော် ခုလို ဖြစ်မယ့်အခြေအနေ အစလို့ ပြောမယ်ဆိုရင်လဲ မမှားနိုင်ပါဘူးဗျာ........။
ဖြစ်ပုံက ဒီလိုလေ.............။
ကျွန်တော်တို့ မိသားစုတွေ ငွေပိုငွေလျှံလေး ရလာတော့ ကျွန်တော် အမျိုးသမီးက လက်ထဲမှာရှိတဲ့ငွေလေး...အဖတ်တင်အောင် တီဗီလေး တစ်လုံး နဲ့ အောက်စက် ကောင်းကောင်းလေး ၀ယ်ချင်တဲ့ အဆိုကိုပြုလာတယ်......။
သူ အဆိုပြုတဲ့ ကိစ္စကို သူများ အိမ်မှာ တီဗီ သွားကြည့်ရလို့ မျက်နှာ ငယ်ရတဲ့......အကြီးကောင်က အပြည့်အ၀ ရွှင်မြူးစွာ နဲ့အော်ဟစ်ထောက်ခံ............
ကျွန်တော် ကိုယ်တိုင်ကလဲ......ငယ်စဉ်အခါ ထဲ က ဇတ်ထုပ်တွေ တပ်မက်တဲ့ ၀ါသနာ ပိုး က ပါလာ ဆိုတော့....
နှစ်ခါ မပြောလိုက်ရပါဘူး......သေတ္တာသော့လေးဖွင့်ပြီး စုထားတဲ့ ငွေတိုငွေစလေး အားလုံး နှစ်သိန်း ကျော်ကို ကိုင်ပြီး သိပ်မဝေးလှတဲ့...မြေနီကုန်း "ဒဂုံ စင်တာ" ဆီ ထွက်ခဲ့တယ် ...ဆိုပါတော့ ဗျာ......။
ဟို ရောက်တော့ အချိန်လေးကလဲ ၁း၃၀ သာသာ မို့ မိသားစုတွေ ဒဂုံစင်တာ ရှေ့က ချစ်တီး လ္ဘက်ရည်ဆိုင်မှာ မုန့်နဲ့လ္ဘက်ရည် ၀င်သောက်ကြရင်း ပျှော်ဖို့ကောင်းလွန်းတဲ့ နောင် အနာဂါတ်ကာလ မှာ မိသားစုအတွက် အမှတ်တရ ဖြစ်စေမယ့်အဖြစ်ကလေး တစ်ခုကို ဖန်ဆင်းကြတာပေါ့....။
တကယ်ပျှော်ဖို့ ကောင်းလိုက်တာဗျာ......အလိုပြည့်ဝတော့မယ့် သားအကြီးကောင်လေး မျက်နှာကလဲ...ပြုံးလို့ ရွှင်လို့.......
လူကြီးမိဘတွေ ပျှော်နေပုံကို ကြည့်ပြီး....အသက်(၃) နှစ်သာသာ ရှိပြီဖြစ်တဲ့ အငယ်ကောင်လေးကလဲ လိုက်ရယ်မော ပျှော်ရွှင်နေတာပေါ့...တခိုး ခိုး တခစ် ခစ် အသံလေးကို ထွက်လို့.......
အဲ့ဒီ့နေ့က ကျွန်တော် သေချာသတိထားမိခဲ့တဲ့ အချက်တစ်ခုကတော့ ကျွန်တော်ဇနီးသယ် မျက်နှာလေးကိုပါ ..... အရင်နေ့တွေကလို ပိုသီဖတ်သီ မဟုတ်ပဲ နှုတ်ခမ်းနီးလေး ဆိုး...မိတ်ကပ်လေး မျက်နှာဖို့ ထားတဲ့....ကျွန်တော် မိန်းမရဲ့ မျက်နှာကကျွန်တော်တို့ အိမ်ထောင်ကျခါစ....မင်္ဂလာဦး ကာလက လိုပဲ လှလို့ ချောလို့..........။
အဲ့ဒီလိုနဲ့ အချိန်တော်တော် ကြာ ဒီဆိုင်လေးမှာ အချိန်ဖြုန်းကြ ပြီး....... ကျွန်တော်တို့ မိသားစုရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ မဟာ့မဟာ စီမံကိန်းကြီးကို အကောင်အထည် ဖော်ဖို့ တစ်ဖက်လမ်းက ဒဂုံစင်တာ ခမ်းခမ်းညားညား ကြီးကိုဝင်ရောက်ခဲ့ကြပါတော့တယ်....ပိတ်ရက်မို့ လူအလွန်များနေ၍ မနည်းတိုးကြိတ်ကာ ၀င်ခဲ့ကာ.... လက်မှနာရီ ကို မှတ်မှတ်ရရ
ကျွန်တော် ကြည့်လိုက်မိတော့.....(၃း၁၄)..။
ကျွန်တော်တို့ မိသားစု ပျှော်ရွှင်ကြည်နူးမှု့တွေနဲ့ ဒဂုံစင်တာ အောက်ထပ်က ဓါတ်လှေကားနား ရောက်တယ်ဆိုရင်ပဲ..............။
"" ဒုန်း""
ဆိုတဲ့ ....အသံကြီးနဲ့အတူ ကျွန်တော် အမျိုးသမီးဘေးနားကနေ ပေါက်ကွဲမှု့ကြီး စဖြစ်သွားပါတယ်.... သားအကြီးလေးကို ကိုလက်ဆွဲထားတဲ့ ..ကျွန်တော် ဘယ်ဘက်လက်ဖျံရိုးနားကလဲ...""ပူ"" ကနဲ ခံစားမှု့ ကိုသိလိုက်ရပြီး.....
ဘယ်ဘက်မှာ သားအငယ်ကောင်လေး ချီထားတဲ့ ကျွန်တော် ဇနီးသယ်နဲ့ အတူ.....လူလေး ငါး ခြောက်ယောက်.. လဲကျသွားတာကို မြင်လိုက်ရပါတယ်....
နောက်မိနစ် မခြားဘဲ...ကျွန်တော့ ညာဘက်ပစ္စည်း အပ် ကောင်တာ ခုံနားကနေ....ထပ်ဆင့်.....""ဒုန်း"" ဆိုတဲ့ အသံကျယ်ကြီးကြားလိုက်ရပြီး.........မတ်တပ်ရပ်နေတဲ့ ကျွန်တော်ဟာ...ခြေနှစ်ချောင်းလုံး ကျင် ကနဲ့ ဖြစ်သွားကာ ရပ်တည်နိုင်မှု့ မရှိနိုင်တော့ ပဲကြမ်းပေါ်ကို ပြိုလဲကျသွား ခဲ့ရပါတယ်.....အဲ့ဒီ့အချိန်မှာ...ဂေါင်းအနှံ သွေးတွေ ပေလူး နေတဲ့ သားအကြီးကောင်လေးက သူ့အမေဆီကို ဒယီးဒယိုင်နဲ့ ပြေးအဖက်.......
(၃) ကြိမ်မြောက်သော ပေါက်ကွဲသံကြီးနဲ့ အတူ......ကျွန်တော် မျက်လုံးထဲမှာ သားအကြီးကောင်လေး မြောက်တက်သွားတာမြင်လိုက်ရပါတယ်.....အဲ့ဒီ့နောက်တော့...... ကျွန်တော်......ကျွန်တော် သိပ်ချစ်တဲ့ ဇနီးသယ်နဲ့ သားလေးတွေကို ထပ်ပြီး မမြင်မတွေ့ မသိရတော့ပါဘူး....ကျွန်တော် သိလိုက်ရတာက ဘာတွေ ဘယ်လို ဖြစ်သွားမှန်း မသိတဲ့ ဒီဝန်းကျင်မှာ .....
ကျွန်တော် မျက်လုံးအမြင်တွေ.....ပြာဝေ နောက်ကျိကာ အရာအားလုံးဟာ ကျွန်တော် အတွက် မှောင်အတိကျသွားတော့ပါတယ်....။
အလွန်တရာ ကျယ်ပြောလှတဲ့ ..ကောင်းကင်ကြီးထဲက တိမ်တွေ ပေါ်မှာ...ကျွန်တော်တို့ မိသားစုလေးဟာ...ပြေးလွှား ပျော်ပါးနေကြတယ်....၊ အငယ်ကောင်လေးက မတ်တပ်လေး ခနော်နှီခနှော်နဲ့ ..နဲ့ အော်ဟစ်ကာ ဆော့ကစား လို့.....
သူ့ အကို ကတော့ လက်နှစ်ဖက်ကို တောင်ပံ လို လုပ်ပြီး ရှောက်ပြေးလွှား နေတယ်......ကျွန်တော့်ရင်ခွင် ထဲက ကျွန်တော့် ဇနီး သယ်လေးက...သူ သိပ်ချစ်သိပ်အားကိုးတဲ့ ရင်ခွင် ထဲမှာမှီနွဲ့ ခိုဝင်ရင်း.....သူ့ရင်နှစ်သည်းချာလေး တွေ ပျော်မြူးနေတာကို ကြည့်လို့ ကြည်နူးနေတယ်.....ကျွန်တော်ကတော့ ကိုယ်ဖန်တီး တည်ဆောက်ထားတဲ့ အသိုက်အမြုံလေး....ရွှင်မြူးပျော်ပါးနေတဲ့ပုံစံလေးကို အားရကျေနပ်မှု့ အပြည့်နဲ့ ဇနီးသယ် ပခုံးလေး ဖက်ကာ ကျေနပ်ပီတိ ဖြစ်နေတာပေါ့......။
ဒီအချိန်မှာ..............။
ကျွန်တော် ခြေနှစ်ဖက်က အဆမတန် နာကျင်လာတဲ့ ခံစားမှု့ ကြီးကို ဝေတေးဝါးတား အသံဆူဆူ လူသံတွေနဲ့ အတူ ဖြတ်ကနဲ.. သိလိုက်မိတဲ့ ခဏ..............
""ဗျုန်း"" ဆို မျက်လု့းဖွင့် ပြီး လူးလဲထမိတဲ့ အခါမှာတော့.......ကျွန်တော် ပထမဦးဆုံး သိလိုက်ရတာက........
နာကျင်နေတဲ့ ခြေထောက် နှစ်ဖက်ဟာ.....ဟို အရင်လို မူမှန် မလှုပ်ရှားတော့ ဘူး ဆိုတာပဲ........တဆက်တည်း မျက်လုံးကလဲ ကျွန်တော့်ရဲ့ ခြေနှစ်ဖက် ကို အရောက်..... အမေမွေး တုန်းကပါလာတဲ့ ခြေဖျားတွေကနေ စလို့ ဒူးခေါင်း အပေါ် ထိဟာ မရှိတော့ ဘူး ဗျာ.......
ဟင်!!!!!! ဘယ်ရောက်သွားတာလဲ...... ကျွန်တော့် ခြေထောက်တွေ..........
ထိတ်လန့် သွေးပျက်မှု့ နဲ့ အတူ ကျွန်တော်ပါးစပ်က ဆောက်တည်ရာမရ ဗလုံးဗထွေး စကားသံတွေ ထွက်လာတော့ ကျွန်တော်ဘေးကို ပြေးလာကျ တဲ့ လူတစ်ချို့ထဲ က တစ်ယောက်က...........။
ကျွန်တော်ပခုံးကို ညင်သာစွာ ကိုင်ပြီး........
""အကို သိပ်စိတ်မထိခိုက်ပါနဲ့.......ကျွန်တော်တို့ လဲ စိတ်မကောင်းပါဘူး.......အကို......အကိုလွန်ခဲ့တဲ့ (၃)ရက်ကဗုံးပေါက်ကွဲမှု့ ဖြစ်ခဲ့တဲ့ ဒဂုံစင်တာမှာ အကို ခြေနှစ်ဖက်လုံး ပြတ်သွားခဲ့ပါတယ် ..စိတ်ကိုအေးအေးထားပါ....""
ဟင်.......ကျွန်တော် အတွေး အား လုံး ထိုလူရဲ့ စကားသံ အဆုံး မှာ...အတိတ်ကိုပြန် ဆက်စပ် မိသွားခဲ့ပါတယ်.......
ဟုတ်တယ်........
အဲ့ဒီနေ့က ဘာမှန်းမသိတဲ့ အသံကြီးနဲ့ အတူ....ကျွန်တော် ဒီလိုဖြစ်သွားခဲ့တာပဲ........
ဒါဆို....ဒါဆို............ကျွန်တော့်သားလေး(၂)ယောက်နဲ့ ဇနီးကကော.........သူတို့ကော........................
သူတို့ ဘယ်မှာလဲ.....................။
ကျွန်တော် မျက်လုံးကို ဘေးဘက်အနှံ့ ဝေ့၀ဲကြည့်လိုက်တော့ ကျွန်တော် မြင်လိုက်ရတာ မိန်းမနဲ့ သားလေး နှစ်ယောက်မဟုတ်..
မြင်လေရာမှာ ကျွန်တော် လို ခြေပြတ်သူ ...လက်ပြတ်သူ .....မြင်မကောင်းအောင်း ပတ်ထားတဲ့....ပတ်တီးတွေ နဲ့ လူနာတွေ........
တချို့ဆို....ကုတင် အပိုများနှင့် လူသွားလမ်းမှာပင် ကျပ်ညပ်နေကြ သည်......မြင်ရတဲ့ မြင်ကွင်းက တစ်ခုမှ ကောင်းကွက်မရှိ...အနိဋ္ဌာ မြင်ကွင်းတွေ အတိ...........
ရှာမတွေ့တဲ့ အဆုံး....ဘေးက ပထမဦးဆုံး ကျွန်တော်ကိုရှင်းပြတဲ့ လူကိုဘဲ မေးလိုက်မိပါတယ်......
""ကျွန်....ကျွန်တော့် သားလေးတွေရော............ကျွန်တော် မိန်းမရောဗျာ......""
ထိုလူက ကျွန်တော် မျက်နှာကို တစုံတရာ ဂရုဏာသက်တဲ့ မျက်လုံးနဲ့ အတန်ကြာ ကြည့် နေပြီးမှ..........
""အကို......ခု အေးအေးဆေးဆေး အနားယူပါ အကို...........အကို့ ဇနီးနဲ့ ကလေးတွေ ကို ခဏ မေ့ ထား လိုက်ပါ.......သူတို့ တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်ရှိနေမှာပါ အကို.......ကျွန်တော်တို့ ၀ိုင်းရှာပေးမယ်နော်.......""
လို့ ပြောပြီး .......လှည့်ထွက်သွားကြတယ်......ဒီလူ့ကြည့်ရတာ...ကျွန်တော် စိတ်ထဲ သိပ်မသင်္ကာ ချင်ပါ...
တစ်စုံတစ်ခုကို လျှိုဝှက် ထားပုံတော့ ရှိရမည်...။
စဉ်းစားရင်း တွေးရင်း......ကျွန်တော် ခေါင်းတွေ ချာချာ လည် မူးနောက်လာ၍ ကျွန်တော် မျက်လုံးခဏ မှိတ်ထားလိုက်မိချိန်...
(၁၀) မိနစ်လောက် အကြာမှာ...ဘေးကုတင်မှာ လူနာ ကောင်မလေး၏ အမေ ဖြစ်ဟန်တူသူ ပြောစကား တချို့ကို တစွန်းတစ်စ..ကြားလိုက်ရပါသည်......။
""သမီးရယ်.......မငိုနဲ့နော်..မျက်နှာနဲ့ လက်ဖျားလေးတွေ လောက်ဘဲ...ဖြစ်နေတာ....ဟိုဘက် ကုတင် က အကိုကြီးမှာဆို...သူကိုယ်တိုင်လည်း ခြေနှစ်ဖက်မရှိတော့ ဘူး....သူ့မိန်းမ နဲ့ ကလေးလေးတွေဆို အလောင်းတောင်း ပြန်မရရှာပါဘူး...သမီးလေးရယ်
........သနားစရာပါ.....""
ကျွန်တော် ကြားလိုက်မိတယ်.........။
ကျွန်တော် ဒီစကား ကို ကြားလိုက်မိတဲ့ ခဏ..............
ကျွန်တော် ဘာဖြစ်သွားလဲ........
ကျွန်တော် မသိတော့ပါဘူး...............ရင်ထဲမှာ စို့နင့် တက်လာတယ်............
ပြီးတော့.......ကျွန်တော် မျက်ဝန်း မျက်ရည်တွေ အလိုလို စီးထွက်လာတယ်............
နောက်.........။
နောက်........ကျွန်တော် ဗျာ.........ကျွန်တော် မခံနိုင်တော့ ဘူး....ဒီံခံစားမှု့ကို ရင်ထဲမှာ နာကျင်လွန်းလို့....ကျွန်တော် ကုန်းရုန်းပြီး ရုန်းထလိုက်တယ်......
""တကယ်လား ဗျာ..........အဲ့ဒါ တကယ်လား ဗျာ...................ကျွန်တော့်သားလေးတွေ....အီး...ဟီး...ဟီး...အားးးးး
ကျွန်တော့် မိန်းမနဲ့ ကလေးတွေ တကယ် ဒီလိုကြီး ဖြစ်သွားခဲ့တာလား.....အား...အီး ..ဟီး....ဟီး.....""
ကျွန်တော် ငိုယို အော်ဟစ်ပြစ်လိုက်မိသလား.....။ကျွန်တော် ရုန်းကန် လူးလွန့် လိုက်သလား မသိပါဘူး..............။
ဆေးရုံ အရေးပေါ် (၀ပ်ဒ်) ထဲမှာ......၀ုန်း....ဒိုင်း....ဂျိမ်း..... ဆိုတဲ့ ပြိုလဲ သံနဲ့ အတူ....ကျွန်တော် ကုတင်အောက်ကို ပြုတ်ကျသွားခဲ့တယ်.......ကုတင်ဘေးနားက ကျွန်တော် ကို ဆေးသွင်းထားတဲ့ (စတန်....) ဟာ လဲ... ကျွန်တော် လက် မှာ ပိုက်တန်းလန်း နဲ့ ဆေးသွင်းနေရက်မို့ လူနဲ့အတူ ကြမ်းပေါ်ကို လဲကျ သွားပါ တယ်.....။
ကျွန်တော့် ခြေထောက်က နာကျင်နေမှု့ကို လဲ ....ကျွန်တော် မသိတော့ ပါဘူး......။
ရှက်ခြင်း၊ကြောက်ခြင်း လဲ ကျွန်တော် မှာ မရှိတော့ ပါဘူး....။
ယောကျာင်္းတန်မဲ့ နှင့် ရှိုက်ကြီးတငင် ဆေးရုံ ကြမ်းပြင်မှာ လူးလွန့် အော်ဟစ်ယိုနေမိ ပါတော့ တယ်.......။
ကျွန်တော် အနားကို ပြေးလာတဲ့ ဆေးရုံက တာဝန်ရှိတဲ့ လူတွေ ...ဘယ်လောက် ဖျောင်းဖျ...ဖျောင်းဖျ...ဘယ်လောက် ကုတင်ပေါ် ပြန်တင်ပေးရန်...၀ိုင်း ပွေ့ပွေ့.....ကျွန်တော် မသိတော့ ပါဘူး......ရှိုက်ကြီးတငင် ငိုဟို အော်ဟစ်ရင်းသာ လူးလွန့် နေပါတော့ တယ်။
ကျွန်တော်ရဲ့ အသိစိတ်မှာလဲ....အဆုံးစွန် ဆုံးသော နာကျင်မှု့ တွေ နဲ့ ဘာတွေ ဘယ်လို ဖြစ်မှန်း မသိလိုက်တဲ့.......
ထို အဖြစ်ကြီးကို...မုန်းတာ တလှည့်....ပြန်မရနိုင်တော့ တဲ့ ဇနီးသယ်နဲ့ ကလေးတွေ အတွက်......တမ်းတ ၀မ်းနည်း စို့နင့် နေရတာတစ်ဖက်နဲ့....အမည်ဖော်လို့မရအောင် ကြေကွဲနေမိ ပါတော့ တယ်......။
ဒီအဖြစ်ဟာ....လွန်ခဲ့တဲ့(၄) နှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ့....ကျွန်တော် (၁) လလောက်ကြာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသ ခံယူအပြီးမှာ......ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်......။
ထူထောင်ခဲ့တဲ့ အိမ်မှာ မရှိတော့တဲ့ ဇနီးကလဲ တစ်ကောင်ကြွက်.....မိမိကိုယ်တိုင် ကလဲ တစ်ကောင်ကြွက် ဘ၀မို့ ကျွန်တော် ဒီလို ဖြစ်နေချိန်မှာ...ကျွန်တော့် အနားမှာ ဘယ်သူမှ လုပ်ကိုင်ပေးမယ့် လူမရှိပါ......နဂို ထဲကမှ မိမိ စားဝတ်နေရေး အလုပ်က........ ယဉ်မောင်းဘ၀ ခု မိမိ မှာ ခြေနှစ်ဖက်လဲ မရှိတော့......ဘယ်ဘက် လက်တစ်ဖက် ကလဲ ပြတ်သွားသည်နှင့် မခြား ဗုံးစ မှန်ခဲ့သည့် ဒဏ်ကြောင့် လေဖြတ်ထားသည့်ပမာ......တရွတ်ဆွဲနေသည်....။
လုပ်ကိုင်စားသောက်ရန် အစကတည်း ကပင် စုစုစောင်းစောင်း မရှိနိုင်ခဲ့သည့် အခြေအနေမို့ ဆေးရုံမှ ဆင်းသည့်နေ့က.....သက်ဆိုင်ရာက ထောက်ပံ့ ကူညီလိုက်သော ပိုက်ဆံတချို့နှင့် အလှုရှင်များ ပေးသော ပိုက်ဆံတချို့ တစ်ဝှက်ကို ပေါင်းကာ ကျွန်တော် ဈေးရောင်းတဲ့ အလုပ်လေးကိုပဲ လုပ်ကိုင်စားသောက် အသက်မွေးနေခဲ့ရပါတယ်.....။
လ အတော်ကြာ ဈေးအရောင်းအ၀ယ် အလုပ်ကလေးနဲ့ အသက်မွေးဝမ်းကြောင်း ပြုရာကနေ အများတကာလို ကိုယ်ကသန်သန် မာမာ မဟုတ်သည်က တစ်ကြောင်း.......ခရီးဝေးဝေးလံလံ သွားလာ မရောင်းဝယ်နိုင်တာက တစ်ကြောင်းမို့....နောက်ဆုံးမှာ
ကျွန်တော် ရှိစုမဲ့စု အရင်းလေး ပြုတ်သွားရပါတော့တယ်.......။
ယခင် ငှားနေခဲ့တဲ့ အိမ်လေးကလဲ အိမ်လခ ပုံမှန်မပေးနိုင်တာရယ်.....အိမ်၇ှင်အဘွားကြီးကို အားနားလွန်သည် က တစ်ကြောင်းရယ်မို့ မိမိပိုင် ရှိတဲ့ အထုပ်ကလေးတွေ ရပ်ကွက် မှ လူတွေ အကူအညီတောင်းကာ သယ်ပြီး ရပ်ကွက်ထိပ်ကဘုန်းကြီးကျောင်း အောက်ကို ပြောင်းနေခဲ့ပါတယ်......စားစရာကတော့ အထွေအထူး သိပ်မပူရပါဘူး...ဆွမ်းကျန် ဟင်းကျန်များကိုကျွန်တော် လူမျိုးမှ မစားလျှင် ဘယ်သူကို သွားကျွေးရပါမည်နည်း.....။
ကျောင်းမှ ခွေးများကတော့....သူတို့ဝေစု ထဲမှာ ""ကိုယ်တာ"" ခွဲသော ကျွန်တော့်ကို ကြည်မည် မထင်..........။
ကျွန်တော် မှာ စားစရာ မပူမပင်ရသော်လည်း ကျွန်တော် ရည်မှန်းထားသော ကိစ္စလေး တစ်ခု ရှိနေပါသည်....ထိုကိစ္စ မှာ တခြားမဟုတ်ပါ ကျွန်တော် နေထိုင်သော ဘုန်းကြီးကျောင်းဝင်းတွင်းမှ ၀ိုင်းစေတီလေး နဘေးတွင် ဇနီးသယ်နှင့် သားလေး နှစ်ယောက်ကို ရည်စူး၍ ဇရပ်ကလေး တစ်ဆောင် ဆောက်လုပ် လှုလိုခြင်းပင် ဖြစ်ပါသည်...။
သို့အတွက် ကျွန်တော် ပိုက်ဆံ လိုပါသည်......သည့် အတွက်ကြောင့်လဲ ကျွန်တော် ဒီရန်ကုန်ဆေးရုံကြီး ပင်မအထွက်ပေါက်နားမှာ သည်လို ရောက်နေရခြင်းဖြစ်ပါသည်...တစ်ခါတစ်လေတော့ လဲ (၉၀၀....၁၀၀၀)......တစ်ခါတစ်လေကြတော့ လဲ တစ်ပြားမှ မရသည့် အပြင် မောင်းအထုတ်ခံ အရိုက်အပုတ်ခံ ရပါသေးသည်....။
သို့ပေမယ့်လည်း ကျွန်တော် မမှု့ပါ....နောက်(၆) လခန့်ဆိုလျှင် ကျွန်တော် ရည်မှန်းချက် .....ပြည့်ဝရပါတော့မည်....မည်သူမည်ဝါက မည်သို့ စိတ်မျိုးထားပြီး.....ကျွန်တော် ခွက်စုတ်ထဲကို ထည့်သည် ဖြစ်စေ....ကျွန်တော် သာဓု ခေါ်ပါသည်.....ကျွန်တော်၏ အလှုလေး ဖြစ်မြောက်ခဲ့ ပါက ကျွန်တော် ဒီဘ၀မှ သေပျှော်ခဲ့ မှာ အမှန်ပါပေ....
ထို့ကြောင့် ကျွန်တော် ဒီလို ဘ၀မျိုးမှာ ရပ်တည်နေရသည် မဟုတ်ပါလား.........။
မည်သို့ ထင်မြင်ယူဆ ရှုတ်ချသည့် စကား...အပြုအမူ....အကြည့်များ ဖြစ်စေ....ကျွန်တော် မသိမ် ငယ်တော့ပါ...
ကျွန်တော် ဒီနေရာလေးမှာ နောက်(၆) လအထိ အမြဲမပြတ် ရှိနေပါဦးမည်.......။
မိုးများ ရွာပါစေ..........
နှင်းမှုံ များကြောင့် ကျွန်တော် ချမ်းတုန် နေပါစေ.......
နေရောင် ပူပူတွေကြောင့် ကျွန်တော် အသားတွေ လောင်မီးကျ ကုန်ပါစေ.........
ကျွန်တော် နောက် (၆) လ တိတိ စွဲစွဲမြဲမြဲ ထိုင်နေဦး မှာဘဲ ဖြစ်ပါသည်.......။
တခါတခါ ဆွေးရကောင်းလွန်း လောက်အောင် အနောက်တောင်က မိုးတွေ ညှို့ လာရင်.....ကျွန်တော် တွေးမိပါသည်...
ဒီအဖြစ်မျိုးကို ဖန်တီး သူတွေက ဘာကြောင့် ရက်စက်စွာ လုပ်ဆောင်ချင်ကြတာ ပါလိမ့်........
သူတို့ကြောင့် ပျက်ခဲ့တဲ့ ဘ၀တွေ......ကျွန်တော်တို့ မိသားစု လို အဖြစ်ဆိုးမျိုးတွေ....ကို သူတို့ မကြားမသိ မိကြပေလို့ပဲလား.......ဒါမှမဟုတ်.....မသိချင်ကြတာလား.....။
တကယ်ဆိုလျှင် တရားအပေါ်တွင်း ရင်နှင့် ရင်း၍ ဖြေရှင်းသင့် ကြပါသည်...။
ဘာပဲဖြစ်ဖြစ် ...ကျွန်တော်တို့ နိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်သည့် အားလျှော်စွာ....ဗုဒ္ဓရှင်တော် ဘု၇ား၏ တ၇ားတော် အဆိုအမိန့်များကို နားလည်ကာ လူသားချင်း စာနာ သင့်ကြပါသည်.....ကွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် ပီပီ ရှင်တော် ဗုဒ္ဓဟောကြားတော် မူခဲ့သည့်...........
အနိစ္စ...ဒုက္ခ....အနတ္တ....ဆိုသော မမြဲခြင်း... အစိုးမရခြင်း....တ၇ား အခြေပြ (၃) ပါးအား နားလည် လက်ခံ၍...........
ယခင်ဘ၀ က ပြုမိခဲ့သော မကောင်းမှု့ ကြောင့် ယခု ဘ၀တွင် ပါလာသော မိမိတို့ မိသားစု အတိတ်ကံ ၀ဋ်ကြွေးများသည်.....ဒီဘ၀တင်..ကျေပါစေကြောင်း ရှင်တော်ဘုရားထံ ဆုတောင်းနေရင်း......မိမိတို့ မိသားစု အဖြစ်ဆိုးလေးကို .....
ကံကြွေးကြမ္မာ မလွဲမရှောင်သာ ဖြစ်ရန်ပါလာသော အတိတ်ဝဋ်ကြွေး ပြန်ခံစားရသည်ဟု သာ မှတ်ယူထားလိုက်ပါတော့ သည်....။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဗာလနံ များ...။
ငါပိုင်မြဲမှတ် သူ့ကိုသတ်၍
လူသတ်လက်ဆွဲ ကျမ်းကိုနွှဲကာ
ရင်ခွဲသည်း(သဲ)ထုတ် ခံစား ယုတ် စွှ
ဆုတ်ယုတ် လူ့စိတ် ခွေးနှင့်မိတ်၍
အာဏာစွဲမက် လွန်ရက်စက်ပ
မိဘယုတ်သည့် သည့်လူခွေးစိတ်
လူ့ ခွေးမျိုး...။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
လူအချင်းချင်း နှိပ်စက် ခြင်း ကင်းရှင်းကြပါစေ.....။
သက်ရှိ အချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...။
(ဖြစ်ရပ်မှန်လေး တစ်ခု အား ဇတ်လမ်းဆင် ရေးသားခဲ့ပါသည်..။
ကကြီး။
kyagee13@gmail.com (23.5.11)

No comments:
Post a Comment